နွေရာသီကာလယဉ်ကျေးလိမ္မာ သင်တန်းနေ့စဉ်မပျက်သင်ကြားပေးလျက်ရှိ       

နတ်မောက်  မေ ၁၅ 

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ဈေးသာကျေးရွာတွင် ကျောင်းသား၊ ကျောင်းသူများအား နွေရာသီကာလ အချိန်ကိုအကျိုးရှိစွာအသုံးပြုတတ်စေရန်နှင့် ဗုဒ္ဓဘာသာကိုရိုသေကိုင်းရှိုင်းစေရန် ယဉ်ကျေးလိမ္မာသင်တန်းကို နံနက် ၈ နာရီမှ ၁၀ နာရီအထိ နေ့စဉ်မပျက် ရွာဦးဘုန်းတော်ကြီးကျောင်းတွင် သင်ကြားပေးလျက်ရှိသည်။

အဆိုပါ ယဉ်ကျေးလိမ္မာသင်တန်းတွင် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္ဒဣန္ဒကက နွေရာသီကျောင်းပိတ်ရက်များတွင် အကျိုးရှိစေမည့် ယဉ်ကျေးလိမ္မာမှုများကိုလေ့လာသင်ယူနိုင်ရန်၊ မိမိတို့ကိုးကွယ်ယုံကြည်မှုနှင့်စပ်လျဉ်းပြီး သိသင့်သိထိုက်သည့်ဘုရားရှိခိုးခြင်း၊ သီလဆောက်တည်ခြင်း၊ မိမိတို့ကိုးကွယ်သည့် ဗုဒ္ဓမြတ်စွာဘုရားနှင့်ပတ်သက်သည့် သမိုင်းကြောင်းဆိုင်ရာ ဗုဒ္ဓဝင်နှင့် ဗုဒ္ဓဘာသာကိုသက်ဝင်ယုံကြည်သူတိုင်း လက်ကိုင်ထားကျင့်သုံးရမည့် မင်္ဂလာသုတ်တရားတော်အပါအဝင် အခြားသိသင့်သိထိုက်သည့် ဘာသာရေးဗဟုသုတများကိုသင်ကြားပေးလျက်ရှိရာ သင်တန်းသား/သူ(၂၈)ဦးရှိပြီး သင်တန်းကာလမှာ (၃)လကြာ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

လှဝင်း