မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းပြည်သူ့ဆေးရုံကြီး ဆေးဘက်ကျွမ်းကျင်(၃) (ဓါတ်မှန်) (၆)လသင်တန်း ဖွင့်ပွဲအခမ်းအနား တက်ရောက်

မကွေး မေ ၁၅

ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၏ လမ်းညွှန်မှု၊ မကွေးတိုင်းဒေသကြီး ကုသရေးဦးစီးဌာနဦးဆောင်မှုဖြင့် တိုင်းပြည်သူ့ဆေးရုံကြီး၊ ဆေးဘက်ကျွမ်းကျင်(၃) (ဓါတ်မှန်)(၆)လသင်တန်း ဖွင့်ပွဲအခမ်းအနားကို မေလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ ဆေးတက္ကသိုလ်(မကွေး)နှင့် အခြေခံကျန်းမာရေးတက္ကသိုလ်မှ ပါမောက္ခချုပ်များ၊ တိုင်းအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ၊ သူနာပြုအုပ်နှင့် သူနာပြုဆရာမကြီးများ၊ ဓာတ်မှန်ဌာနမှ သင်တန်းဆရာများနှင့် ဆေးဘက်ကျွမ်းကျင်(၃)(ဓါတ်မှန်) (၆)လ သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ဗဟိုအဆင့်/တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ဆေးရုံကြီးများတွင် လစ်လပ်လျက်ရှိသော ဆေးဘက်ကျွမ်းကျင်(၃)(ဓါတ်မှန်)ရာထူးနေရာများအား တိုးမြှင့်ခန့်ထားနိုင်ရေးအတွက် တိုင်းပြည်သူ့ဆေးရုံကြီး၊ မကွေးမြို့အပါအဝင် ပြည်နယ်/တိုင်းအသီးသီးရှိ ဆေးရုံကြီး (၁၃)ရုံမှာ သင်တန်းသားဦးရေစုစုပေါင်း (၃၀၀)ကို ယနေ့မှစပြီး တပြိုင်နက်ထဲ သင်တန်းစတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ သင်တန်းသား/သင်တန်းသူများကို ဆေးဘက်ကျွမ်းကျင်(၃)(ဓါတ်မှန်) (၆)လသင်တန်းအတွက် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ပေးပို့လာသော ဆန်းစစ်ခြင်းပုံစံနှင့် သင်ရိုးညွန်းတမ်းအာ သင်ကြားပို့ချဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ ဆေးဘက်ကျွမ်းကျင်(၃)(ဓါတ်မှန်) (၆)လသင်တန်းပြီးဆုံးပါက အောင်မြင်သူများအား သင်တန်းဆင်းအောင်လက်မှတ်များ ထုတ်ပေးမည်ဖြစ်ပြီး သင်တန်းအောင်မြင်သူများအား ကုသရေးဦးစီးဌာန၊ စီမံခန့်ခွဲမှုကော်မတီ၏ အတည်ပြုချက်ရယူပြီး ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနအောက်ရှိ ပြည်သူ့ဆေးရုံများတွင် ရာထူးတိုးမြှင့်ခန့်ထားပေးမှာဖြစ်ပါကြောင်း၊ ဒီကနေ့ တက်ရောက်ကြမည် သင်တန်းသား/သင်တန်းသူအနေဖြင့် သင်တန်းကာလအတွင်း သင်တန်းကချမှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာပြီး စာတွေ့/လက်တွေ့ သင်ကြားပို့ချမှုများကို သေချာစွာလေ့လာမှတ်သားကြရန်နှင့် သင်တန်းကာလ (၆)လတွင် အခက်အခဲဟူသမျှ အောင်မြင်စွာကျော်လွှားနိုင်ကာ မိမိတို့ ရည်မှန်းထားသည့် ပန်းတိုင်ကို အောင်မြင်အောင်လျှောက်လှမ်းနိုင်ပြီး ပြည်သူလူထုအကျိုး၊ မိမိတိုင်းပြည်၏အကျိုးကို ကောင်းမွန်စွာဆောင်ရွက်နိုင်သည့်သူများဖြစ်ပါစေကြောင်း ပြောကြားကာ သင်တန်းပို့ချမှုကို စတင်ခဲ့သည်။

အဆိုပါ သင်တန်းကို မကွေးမြို့ တိုင်းပြည်သူ့ဆေးရုံကြီးတွင် ဓာတ်မှန်ပညာဌာနမှ ပါမောက္ခ ဒေါက်တာစိမ်းမို့မို့ဦးဆောင်သော သင်တန်းဆရာ (၈)ဦးမှ သင်တန်းသား (၂၉)ဦးအား (၅-၅-၂၀၂၅) ရက်နေ့မှ စတင်ကာ (၆)လကြာ သင်ကြားပို့ချပေးမှာဖြစ်ပါကြောင်း သိရှိရသည်။

မောင်ညီညာ