မုဒုံမြို့နယ် လက်တက်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက် လည်ပတ်ရန်ပုံငွေထုတ်ချေး

မုဒုံ မေ ၁၅

မွန်ပြည်နယ် မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင် ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေများ ထုတ်ချေးခြင်းကို ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများက လက်တက်ကျေးရွာ၌ ကွင်းဆင်းထုတ်ချေးခဲ့ သည်။

ဦးစွာ မုဒုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ခင်စန္ဒာဝင်းက ကျေးရွာရှိကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေရန်၊ တိုးပွားလာသောရန်ပုံငွေများဖြင့် ကျေးရွာတွင်းဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်စသည့် ရည်ရွယ်ချက်များဖြင့် ရန်ပုံငွေများ ထုတ်ချေးပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ စီမံကိန်းတာဝန်ခံနှင့်ဝန်ထမ်းများက အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့်စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ စီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၄၇၄ သိန်းကို လွှဲပြောင်းပေးအပ်ခဲ့သည်။

ထို့နောက် ဦးစီးအရာရှိနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်မည့် အသင်းသား/အသင်းသူ ၄၉ ဦးအား အရင်းမပျောက်လည်ပတ်ရန်ပုံငွေများကို အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ရာမည (ပြန်/ဆက်)