ပဲခူး မေ ၁၅
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ မေလ ၁၃ ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂/၂၀၂၅) ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ငလျင်ဘေးသင့်ဒေသများတွင် မိုးစပါးနှင့် မိုးသီးနှံစိုက်ဧကများ အထွက်နှုန်းလျော့နည်း ကျဆင်းမှုမရှိစေရေး အထူးအလေးထား ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ မိုးစပါးစိုက်ဧက (၂၆)သိန်းကျော်အနက် ယခင်နှစ်က ပန်းတိုင်အထွက်နှုန်း (၁၄)သိန်းကျော် ထွက်ရှိခဲ့ရာ ကျန်ရှိသည့်(၁၂)သိန်းကျော်အား ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေးနှင့် ယခုနှစ်မိုးရာသီတွင် ပန်းတိုင်အထွက်နှုန်းတိုးတက်စေရေး ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် မိုးစပါး(၁)သီးသာ စိုက်ပျိုးနိုင်သည့်ဒေသများတွင် သစ်စိမ်းမြေဩဇာပိုက်ဆံလျှော်အား မဖြစ်မနေစိုက်ပျိုးရန် လိုအပ်ပြီး မြေဆီဩဇာဖွံ့ဖြိုးမှသာ သီးထပ်စွမ်းအား တိုးတက်လာမှာဖြစ်ကြောင်း၊ မျိုး၊ မြေ၊ ရေ၊ နည်းနှင့်ပတ်သက်၍ အသိပညာပေးခြင်းကို တောင်သူများလက်တွေ့သိမြင်နိုင်ရေး သီးနှံအမျိုးအစားအလိုက် စံပြစိုက်ခင်းများ ဖော်ဆောင်ပေးသွားရမှာဖြစ်ကြောင်း၊ ဒေသတွင်း ပန်းတိုင်အထွက်နှုန်းမရရှိသည့် မျိုးကွဲများအား ပယ်ထုတ်၍ ပန်းတိုင်အထွက်နှုန်းရရှိနိုင်သည့် မျိုးကောင်းမျိုးသန့်များကို တောင်သူလက်ဝယ် ရောက်ရှိစိုက်ပျိုးနိုင်ရေး စီစဉ်ပေးသွားရမှာဖြစ်ကြောင်း၊ မိုးနှမ်းစိုက်ပျိုးမည့်နေရာများအားလုံး ပေါင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးသွားရန်၊ မိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် အခြေအနေများအား ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ခရိုင်(၆)ခုမှ ခရိုင်စိုက်ပျိုးရေးဦးစီးမှူးများက မိုးစပါးနှင့် မိုးသီးနှံစိုက်ဧကများ ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေး မျိုး၊ မြေ၊ ရေ၊ နည်း ပြောင်းလဲဆောင်ရွက်သွားမည့် အခြေအနေများကိုလည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက စိုက်ပျိုးသီးနှံအလိုက် အုပ်ချုပ်မှုနည်းလမ်းအရ ပေါင်းစပ်ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်းကောင်း Power Point များဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့ကြသည်။
ယင်းနောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်နှင့် တိုင်းဒေသကြီး စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုအဖွဲ့၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက စိုက်ပျိုးရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများအား အကြံပြုတင်ပြဆွေးနွေးခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ အသေးစိတ်ဖြည့်စွက် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)