ပဲခူး မေ ၁၄
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် အပတ်စဉ်နိုင်ငံ့ဝန်ထမ်းအိမ်ရာများတွင် အခြေခံစားသုံးကုန်နှင့် အသား/ ငါး/ဥ ဟင်းသီးဟင်းရွက်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုအား ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လိုက်လံကြည့်ရှုအားပေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ရှင်စောပုဝန်ထမ်းအိမ်ရာသို့ ရောက်ရှိခဲ့ရာ ဆန်၊ ဆီ၊ ကြက်သား၊ ဝက်သား၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်မျိုးစုံတို့အား လက်လီအဆင့်ဆင့်မရှိဘဲ တိုက်ရိုက်ဈေးနှုန်းဖြင့် ရောင်းချနေမှု နိုင်ငံ့ဝန်ထမ်းများမှ ဝယ်ယူနေမှုတို့အား ကြည့်ရှုအားပေးခဲ့ပြီး ဝန်ထမ်းအိမ်ရာများတွင်သာမက အခြေခံစားသုံးကုန်များအား ရပ်ကွက်များအတွင်းသို့လည်း Mobile Shop များဖြင့် ရောင်းချပေးသွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဘုရင့်နောင်ဝန်ထမ်းအိမ်ရာသို့ ရောက်ရှိခဲ့ပြီး နိုင်ငံဝန်ထမ်းများအား ဆန်၊ ဆီ၊ ကြက်သား၊ ဝက်သား၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်မျိုးစုံတို့အား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး အခြေခံစားသုံးကုန်များနှင့် အသား/ငါး/ဥ ပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရေး စိစစ်ကြပ်မတ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဆန်၊ ဆီ၊ ဝက်သား၊ ကြက်သား၊ ငါး၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်မျိုးစုံအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိပြီး တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ်ရှိ မြို့မဈေးများတွင် ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ တိုက်ရိုက်အရောင်းဆိုင်များတွင်လည်း အခြေခံစားသုံးကုန်နှင့် အသား/ငါး/ဥတို့အား ၂၀၂၃ ခုနှစ်၊ ဇွန်လ(၆)ရက်နေ့မှ စတင်၍ နေ့စဉ်ပိတ်ရက်မရှိ သက်သာသောနှုန်းထားဖြင့် ရောင်းချပေးလျက်ရှိသည့်အပြင် နေပြည်တော်ရှိ ငလျင်ဘေးဒဏ်သင့်နိုင်ငံ့ဝန်ထမ်းနှင့် ဒေသခံပြည်သူများအတွက် MSME ဒေသထွက်ကုန်များ၊ စားသုံးကုန်များ၊ လူသုံးကုန်များနှင့် မီးဖိုဆောင်သုံးပစ္စည်းများအား မူရင်းဈေးနှုန်းအတိုင်း မေလ(၅)နေ့စ၍ ရွေ့လျားမော်တော်ယာဉ်ကြီးဖြင့် နေ့စဉ်ရောင်းချပေးလျက်ရှိပြီး ကုန်စည်များ ပြတ်တောက်မှုမရှိစေရေး ပဲခူးမြို့မှ အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းပေးပို့လျက်ရှိကြောင်း သိရှိရသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ မှော်ကန်ရပ်ကွက်ရှိ ရှေးဟောင်းမှော်ကန်(သောက်ရေကန်)နှင့် ဥဿာရပ်ကွက်ရှိ ရှေးဟောင်းဥဿာမင်္ဂလာရေကန်တော်တို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)