မြို့သစ်မြို့နယ်တွင် နွေစပါး(၅၉၆၀)ဧက စိုက်ပျိုးပြီးစီး၍ လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်

မြို့သစ် မေ ၁၄

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်အတွက် နွေစပါးစိုက်ပျိုးရန် (၅၉၅၅) ဧက လျာထားရာ (၅၉၆၀)ဧကအထိ ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြို့သစ်မြို့နယ်တွင် တောင်သူများ နွေစပါးစိုက်ပျိုးရာတွင် ရေရရှိရေးအတွက် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအ‌နေဖြင့် နတ်မောက်ဆည်ရေလှောင်တမံမှ (၃၉၆၀)ဧက၊ ပုလင်းဆည်ရေလှောင်တမံမှ (၇၈၉)ဧက၊ စွန်ဆည်ရေလှောင်တမံမှ (၆၁၈)ဧက၊ ဆဒ္ဒန်ဆည်ရေလှောင်တမံမှ (၅၉၃)ဧက စုစုပေါင်း (၅၉၆၀)ဧကအထိ ရေပေးဝေနိုင်ခဲ့ကြောင်း သိရသည်။

မြို့သစ်မြို့နယ်တွင် နွေစပါးစိုက်ပျိုးရာသီ၌ ဒေသနှင့်ကိုက်ညီသည့် အထွက်ကောင်း မျိုးကောင်းမျိုးသန့်စပါးမျိုးများ ရွေးချယ်စိုက်ပျိုးနိုင်ရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများက ကွင်းဆင်းပညာပေးဆောင်ရွက်ခြင်း၊ စိုက်ပျိုးရာတွင် နည်းစနစ်ကျနစွာစိုက်ပျိုးနိုင်ရေး၊ မြေဆီမြေဩဇာ အချိုးကျမှန်ကန်စွာသုံးစွဲနိုင်ရေးနှင့် လိုအပ်သည့်နည်းပညာများ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

၀င်းအိဇွန်(ပြန်/ဆက်)