မင်းဘူးမြို့၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

မင်းဘူး မေ ၁၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က မင်းပူးဦးဩဘာသမြို့နယ်ခန်းမ၌ ကျင်းပသည်။

ဦးစွာ အခမ်းအနားတွင် မင်းဘူးခရိုင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(CPU) အဖွဲ့ခေါင်းဆောင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလွင်က ဆွေးနွေးပွဲကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မင်းဘူးခရိုင်(CPU)အဖွဲ့ဝင်များက အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့်ပတ်သက်သည့် အကြောင်းအရာများကို အသီးသီးဆွေးနွေးခဲ့ကြသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(CPU)၏ ရည်ရွယ်ချက်နှင့်လုပ်ငန်းတာဝန်များ၊ အဂတိနှင့်ပတ်သက်ပြီး ကော်မရှင်၏လုပ်ငန်းများနှင့် စုံစမ်းစစ်ဆေးရေးဆိုင်ရာကိစ္စရပ်များ၊ အဂတိလိုက်စားမှုလျော့နည်းရေးအတွက် စာရင်းစစ်ရုံး၏ဆောင်ရွက်ချက်များ၊ ဥပဒေပြဌာန်းရသည့်ရည်ရွယ်ချက်နှင့် ပြစ်မှုပြစ်ဒဏ်များ၊ အခွန်တိန်းရှောင်မှုအပါအဝင် ငွေကြေးခဝါချမှုနှင့်ပတ်သက်သည့်ကိစ္စရပ်များနှင့် အဂတိလိုက်စားမှု သိကောင်းစရာများစသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများ၏ သိရှိလိုသောမေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)