ပွင့်ဖြူမြို့နယ်တွင် စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း ဖွဲ့စည်းတာဝန်ပေးအပ်

ပွင့်ဖြူ မေ ၁၄         

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်တွင် ဒေသတွင်းဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်များ သန့်ရှင်းသပ်ရပ်စွာဖြင့် ရောင်းချနိုင်ရန်နှင့် စားသုံးသူပြည်သူများကို ဝန်ဆောင်မှုအပြည့်အဝ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်ရည်ရွယ်၍ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းကို ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။  

ဦးစွာ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထိုက်အောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်များအားလုံး သန့်ရှင်းသပ်ရပ်စွာဖြင့် စနစ်တကျရောင်းချပေးနိုင်ရန်နှင့် လာရောက်စားသုံးသည့် ပြည်သူများကို လိုအပ်သောဝန်ဆောင်မှုများကို တစ်ပြေးညီလုပ်ဆောင်သွားနိုင်ရန်အတွက် စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းကို ဖွဲ့စည်းတာဝန်ပေးအပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် စားသောက်ဆိုင်လုပ်ငန်းရှင်များက မိမိတို့ဖွင့်လှစ်ရောင်းချလျက်ရှိသည့် စားသောက်ဆိုင်လုပ်ငန်းများနှင့်ပတ်သက်ပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးပြီး တက်ရောက်လာသူများ၏ အများသဘောဆန္ဒဖြင့် စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်(၇)ဦးတို့ကို ရွေးချယ်ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )