သာယာဝတီ မေ ၁၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ Fitness Dance အားကစားသင်တန်း ဖွင့်လှစ်ခဲ့သည်။
အခမ်းအနားတွင် သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာမိုးက နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား/သူများအား အားကစားစိတ်ဓာတ်ဖြင့် စနစ်တကျ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ကျန်းမာကြံ့ခိုင်ဖွံ့ဖြိုးစေရန် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် သင်တန်းနည်းပြဆရာမ ဒေါ်အိသန္တာလှိုင်က သာယာဝတီမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ သင်တန်းသူလေးအား အေရိုးဗစ်ကကွက်များဖြင့် သင်ကြားပြသပေးခဲ့သည်။
အဆိုပါ Fitness Dance အားကစားသင်တန်းသို့ သင်တန်းသူ (၂၅)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ မေလ ၁၃ ရက်မှ ၁၄ ရက်ထိ ၂ ရက်ကြာ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
သန့်ဇော် (သာယာဝတီ)