ပြည် မေ ၁၄
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူး၍ ပြည်မြို့တွင် မေလ ၆ရက်မှ ၁၂ရက်နေ့အထိ ဖွင့်လှစ်ခဲ့သည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပဲခူးတိုင်းဒေသကြီး (အနောက်) နွေရာသီ လူငယ်ကင်းထောက်သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြည်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်နှင့် တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပဲခူးတိုင်းဒေသကြီး(အနောက်) အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ/ ဆရာမများနှင့် ကင်းထောက်လူငယ်မောင်မယ်များ တက်ရောက်ကြပြီး ရှေးဦးစွာ ၂၀၂၅ ခုနှစ် ကင်းထောက်လူငယ်မောင်မယ်များက "ပြည်သူ့အတွက်အစဥ်အသင့်" ကင်းထောက်သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။
ယင်းနောက် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးမျိုးအောင်က "ပဲခူးတိုင်းဒေသကြီး(အနောက်)အနေနဲ့ ပြည်ခရိုင်၊ ပြည်မြို့နှင့် သာယာဝတီခရိုင်၊ အုတ်ဖိုမြို့တို့မှာ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်ကစတင်၍ ကင်းထောက်လူငယ်သင်တန်းများကို နှစ်စဉ်ဖွင့်လှစ်လာခဲ့ကာ ကိုဗစ်ကာလတွင် ခေတ္တရပ်နားခဲ့ရပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ ယခု ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင်လည်း ပဲခူးတိုင်းဒေသကြီး(အနောက်) ပြည်မြို့မှာ ကင်းထောက်မောင်မယ် ၆၀ဦးနှင့် နည်းပြ/ရုံးအဖွဲ့ ၁၀ဦးတို့ဖြင့် သင်တန်းဖွင့်လှစ် ပြီးမြောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုလို ကင်းထောက်လူငယ်သင်တန်းကနေ အမိမြေကိုချစ်တဲ့စိတ်၊ ကျေးဇူးသစ္စာကို စောင့်သိတဲ့စိတ်၊ ပူးပေါင်းဆောင်ရွက်လိုတဲ့စိတ်၊ လုပ်ငန်းတစ်ခုအပေါ် အစ၊ အလယ်၊ အဆုံး အောင်မြင်အောင် ဆောင်ရွက်တတ်လိုစိတ်များရရှိပြီး အများအကျိုး၊ လောကကောင်းကျိုး၊ နိုင်ငံ့အကျိုးများကို စွမ်းစွမ်းတမံဆောင်ရွက်နိုင်ကြမည့် နိုင်ငံတော်ကအားထားရသော လူကောင်း၊ လူတော်၊ လူရည်ချွန်များဖြစ်ကြပါစေကြောင်း" အမှာစကား ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူများအား ကင်းထောက်လူငယ်မောင်မယ်များ၏ ကင်းထောက်လှုပ်ရှားမှု ဗီဒီယိုကလစ်ကို ဖွင့်လှစ်ပြသခဲ့ပြီး ၂၀၂၅ ခုနှစ် ကင်းထောက်လူငယ်မောင်မယ်လေးများက သင်တန်း၌လေ့ကျင့်သင်ကြားခဲ့သော ရှေးဦးသူနာပြုနှင့် လူမှုကယ်ဆယ်ရေး စွမ်းရည်များကို လက်တွေ့သရုပ်ပြခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်က ကင်းထောက်လူငယ်မောင်မယ်များအတွက် သင်တန်းဆင်းလက်မှတ်များနှင့် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး တိုင်းဒေသကြီး(ရုံးခွဲ) ပညာရေးမှူး ဒေါက်တာချစ်ကိုကိုက ပဲခူးတိုင်း(အနောက်ခြမ်း) ပညာရေးဌာနများမှ သဘာဝဘေးအတွက် လှူဒါန်းငွေကျပ် သိန်း ၅၀ ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးထံ ပေးအပ်လှူဒါန်းခဲ့ကာ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က သင်တန်းနည်းပြ ဆရာ/ဆရာမများအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်သည်။
ယင်းနောက် ၂၀၂၄ ခုနှစ် ကင်းထောက်လူငယ်မောင်မယ်များက "ကင်းထောက်များရဲ့ရှေ့သို့ခြေလှမ်း" သီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး တိုင်းဒေသကြီး ဝန်ကြီးနှင့် တာဝန်ရှိသူများက ကင်းထောက်လူငယ်မောင်မယ်များနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ကိုဆက် (ပြန်/ဆက်)