ပေါင်းတည် မေ ၁၃
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယခုလ နောက်ဆုံးရက်သတ္တပတ်အတွင်း အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံနိုင်ရေး ကြိုတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နွေရာသီကျောင်းပိတ်ရက်များ ကုန်ဆုံး၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း၊ မကြာမီ ကျောင်းသား ကျောင်းသူများ စတင်ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းအပ်နှံနိုင်ရေးကို မြို့နယ်ပညာရေးမှူး ဒေါ်ခင်သင်းရီက ပြီးခဲ့သည့်သောကြာနေ့ ဌာနဆိုင်ရာများနှင့် ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များ လုပ်ငန်းညှိနှိုင်း အပတ်စဉ်အစည်းအဝေးတွင် ရပ်ရွာအုပ်ချုပ်ရေးမှူးများအား အသိပေးပြောကြားခဲ့ပြီး ကျောင်းနေအရွယ်များ မပျက်မကွက် ကျောင်းအပ်နှံနိုင်ရေးကို ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနိုင်ရေး တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ပညာရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်က စာသင်ကျောင်းများ၏ ကြံ့ခိုင်မှုအခြေအနေ၊ ကျောင်းဆောင်သစ်များ တိုးချဲ့ဆောက်လုပ်နိုင်မည့်အခြေအနေ၊ စာသင်ခန်းများသန့်ရှင်းရေး၊ စာသင်ခုံများ ကောင်းမွန်ရေး၊ ကျောင်းအပ်လက်ခံရေး ရက်သတ္တပတ်လှုပ်ရှား လှုံ့ဆော်မှုကြိုတင်ပြင်ဆင်နိုင်ရေးနှင့် ကျောင်းများပတ်ဝန်းကျင်သန့်ရှင်းရေး လုပ်ငန်းကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရွှေသား