တွံတေး မေ ၁၃
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ဟားခါးဒီဂရီကောလိပ်တို့ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အတွင်းရှိ မူလတန်းပြဆရာ၊ ဆရာမများအား သင်ကြားရေးတွင် အထောက်အကူဖြစ်စေရန်အတွက် ပညာရေးနှင့်သင်ပြနည်းပညာဒီပလိုမာ (Diploma in Education and Pedogogy- Dip.Ep) သင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဆက်လက်သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။
အဆိုပါ သင်တန်းတွင် ဟားခါးဒီဂရီကောလိပ်မှ နည်းပြဆရာ၊ ဆရာမများက ပညာရေးနှင့်သင်ပြနည်းပညာဒီပလိုမာ (Diploma in Education and Pedogogy-Dip.Ep) သင်တန်းတွင် ပညာရေးသဘော၊ အင်္ဂလိပ်စာသင်ပြနည်း၊ ပညာစိတ်၊ မြန်မာစာသင်ပြနည်း၊ ပန်းချီ၊ စိုက်ပျိုးရေး၊ သိပ္ပံသင်ပြနည်း၊ လူမှုရေးသင်ပြနည်း၊ ICT ၊ သင်္ချာသင်ပြနည်း၊ အိမ်တွင်းမှု/စက်မှု၊ ကာယ၊ ဘဝတွက်တာ၊ ဂီတ စသည့် ဘာသာရပ်များကို မတ်လ(၂၄)ရက်နေ့မှ မေလ(၃၀)ရက်နေ့အထိ (၄၉)ရက်ကြာ သင်တန်းပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းသင်တန်းကို တွံတေးမြို့နယ်အတွင်းရှိ မူလတန်းပြ ဆရာ၊ ဆရာမ (၅၄၉)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
တွံတေးသား