ပေါင်းတည် မေ ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် ပေါင်းတည်မြို့နယ် စျေးကွက်အတွင်း ရောင်းချလျက်ရှိသော အစားအသောက်နှင့် အလှကုန်ပစ္စည်းများအား ယနေ့နံနက် ၁၀ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ထိုသို့စစ်ဆေးကြရာတွင် မြို့မစျေးနှင့် မြို့နယ်အတွင်း ကုန်စုံဆိုင်၊ အလှကုန်ဆိုင်များတွင် ရောင်းချလျက်ရှိသော စားသောက်ကုန်နှင့်မုန့်များ၊ အလှကုန်ပစ္စည်းများအား FDA မှ ခွင့်ပြုထားသော မှတ်ပုံတင်ကုန်အမှတ်တံဆိပ် ရှိ/မရှိနှင့် အညွှန်းများ၊ ထုတ်လုပ်ရက်စွဲများ မှန်ကန်မှု ရှိ/မရှိ၊ FDA ထောက်ခံချက်များ ရှိ/မရှိတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ယင်းသို့ ပြည့်စုံစွာ ဖော်ပြမထားသော ကုန်ပစ္စည်းများကို မရောင်းချကြရန်နှင့် FDA က သုံးစွဲရန်မသင့်ဟု သတင်းစာများတွင် ကြော်ငြာခံထားရသော အစားအသောက်နှင့်အလှကုန်ပစ္စည်းများကို မရောင်းချကြရန် အသိပညာပေးသတိပေးခြင်းနှင့် တွေ့ရှိပါက ပြဋ္ဌာန်းထားသော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်းတို့ကို အသိပေးမှာကြားခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးမှုကို ပြည်ခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဆေးဘက်ကျွမ်းကျင်-၂(ဆေးဝါး) ဒေါ်အေးဝတ်မှုန်ဦး ဦးဆောင်သော ဝန်ထမ်းများနှင့်အတူ ပေါင်းတည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့်ရဲတပ်ဖွဲ့ဝင်များက ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ရွှေသား (IPRD)