မြို့သစ်မြို့နယ်တွင် ဆည်ရိုးချောင်းမြေအောက် တမံတည်ဆောက်ပြီးစီး

မြို့သစ် မေ ၁၃

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ နတ်ရွာကျေးရွာအနီး ဒေသခံပြည်သူများ သောက်ရေ၊ သုံးရေနှင့် စိုက်ပျိုးရေလုံလောက်စွာရရှိရေးအတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ဆည်ရိုးချောင်း မြေအောက်တမံတည်ဆောက်လျက်ရှိရာ ယခုအခါ တမံအား ရာနှုန်းပြည့်တည်ဆောက်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ဆည်ရိုးချောင်းမြေအောက်တမံအား ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေကျပ် (၅၆)သန်းဖြင့် အလျား(၁၅၀)ပေ၊ အနက် (၃၀)ပေတူးဖော်၍ ရေသိုလှောင်နိုင်မှုပမာဏ (၁၄)ဂါလန်သန်းရှိကာ အိမ်ထောင်စု (၂၁၁)စုနှင့် လူဦးရေ (၁၁၁၂)ဦးအတွက်သောက်ရေ၊ သုံးရေနှင့်စိုက်ပျိုးမြေ (၁၅)ဧကအတွက် အကျိုးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။

ဆည်ရိုးချောင်းမြေအောက်တမံတည်ဆောက်ခြင်းဖြင့် မိုးတွင်းကာလတွင် ရေများချောင်း တစ်လျှောက် အလဟဿစီးဆင်းခြင်းမရှိဘဲ တမံအောက်ဘက်တွင် ထိန်းသိမ်းထားနိုင်ပြီး ဒေသခံပြည်သူများ သောက်သုံးရေအလွယ်တကူ တူးဖော်ရရှိနိုင်ခြင်း၊ မြေအောက်ရေဖြင့် စိုက်ပျိုးသီးနှံများ စိုက်ပျိုးနိုင်ခြင်း၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ခြင်း အကျိူးကျေးဇူးများရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

ဝင်းအိဇွန်(ပြန်/ဆက်)