မကွေး မေ ၁၃
ပြည်သူများအနေဖြင့် မိသားစုဝင်ငွေတိုးပွားလာစေရန်နှင့် တစ်ပိုင်တစ်နိုင်လုပ်ငန်းရှင်များ ပေါ်ပေါက်လာစေရန်၊ ပြည်တွင်းထွက် ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံစိုက်တောင်သူများအနေဖြင့် ယင်းသီးနှံများမှ တန်ဖိုးမြှင့် စားသောက်ကုန်များ ထုတ်လုပ်တတ်စေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် ပြည်တွင်းထွက် ဆန်၊ ပဲ၊ ပြောင်း ၊ ဂျုံ သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုပ်လုပ်မှုသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာ၀န်ကြီး ဦးအောင်ချိန်က သင်တန်းဆင်းအမှာစကားပြောကြားရာတွင် ပြည်သူများအား မိသားစုဝင်ငွေတိုးပွားစေရန်၊ မိမိတို့ဒေသရှိ ဒေသထွက်သီးနှံများအားအသုံးပြု၍ တန်ဖိုးမြှင့်စားသောက်ကုန်များထုတ်လုပ်တတ်စေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းနည်းပြ ဆရာ၊ ဆရာမများ ပို့ချသည့် သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်နည်းများအား စနစ်တကျလိုက်နာအသုံးပြု၍ မိမိတို့၏ မိသားစုဝင်ငွေတိုးပွားရေးတွင်သာမကဘဲ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်လာသည်အထိ ကြိုးစားဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် အသေးစားစက်မှုလက်မှုလုပ်ငန်းမှ တိုင်းဒေသကြီးဦးစီးမှုး ဒေါ်စုစုခိုင်ကသင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပါသည်။
ဆက်လက်၍ ထူးချွန်သင်တန်းသား/သူများအား ကုန်ကြမ်းနှင့်လုပ်ငန်းသုံးပစ္စည်းထောက်ပံ့ခြင်းနှင့် သင်တန်းဆင်းလက်မှတ်တို့ ပေးအပ်၍ သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
အဆိုပါ ပြည်တွင်းထွက် ဆန်၊ ပဲ၊ ပြောင်း ၊ ဂျုံ သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုသင်တန်းကို (၅-၅-၂၀၂၅)ရက်နေ့မှ ၁၁-၅-၂၀၂၅ ရက်နေ့ထိ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ(၂၀)ဦးခန့်အား ကိတ်မုန့်အမျိုးမျိုး၊ ပေါင်မုန့်အမျိုးမျိုး ပြုလုပ်နည်းတို့ကို စာတွေ့(၃၀%)လက်တွေ့ (၇၀%)ဖြင့် သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း (ပြန်/ဆက်)