ကဆုန်လပြည့် (ဗုဒ္ဓနေ့) တွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ ရှေးဟောင်းသမိုင်းဝင် ဘုရားစေတီများ၌ ညောင်ရေသွန်းလောင်းပွဲတော်များ ကျင်းပ

နေပြည်တော် မေ ၁၃

မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့် (ဗုဒ္ဓနေ့) တွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ ရှေးဟောင်းသမိုင်းဝင်ဘုရားစေတီများ၌ ညောင်ရေသွန်းလောင်းပွဲတော်များ ကျင်းပလျက်ရှိရာ ညောင်ရေသွန်းလောင်းပူဇော်သည့် ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်း ပခုက္ကူမြို့နယ်၊ ငဖဲမြို့နယ်၊ ဆိပ်ဖြူမြို့နယ်၊ ပွင့်ဖြူမြို့နယ်၊ ချောက်မြို့နယ်၊ မင်းလှမြို့နယ်၊ နတ်မောက်မြို့နယ်၊ မြို့သစ်မြို့နယ်၊ သရက်မြို့နယ်၊ ကံမမြို့နယ်နှင့် မင်းဘူးမြို့နယ်တို့ရှိ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများသည် မေလ (၁၁) ရက်နေ့ ကဆုန်လပြည့်‌ (ဗုဒ္ဓနေ့) တွင် ဘုရား၊ စေတီတော်မြတ်ကြီးများရှိ မဟာဗောဓိညောင်ပင်များ၌ ညောင်ရေသွန်းလောင်း ပူဇော်ခြင်း၊  ဗုဒ္ဓရုပ်ပွားတော်များ ရေသပ္ပာယ်ခြင်း၊ ပန်း၊ ဆီမီး၊ အမွှေးနံ့သာများကပ်လှူခြင်း၊ ဥပုသ်သီလစောင့်တည်ခြင်း၊ ဘုရားဝန်းအတွင်း ရောင်းချထားသော အမှတ်တရပစ္စည်းများ ဝယ်ယူခြင်း၊ စားသောက်ဖွယ်ရာများ ဝယ်ယူစားသောက်အနားယူအပန်းဖြေခြင်းတို့ဖြင့် အသီးသီး လာရောက်ကုသိုလ်ယူကြသည်ကို တွေ့ရသည်။

ဆယ့်နှစ်လရာသီပွဲတော်များအနက် ကဆုန်လပြည့်နေ့သည် မြတ်ဗုဒ္ဓ၏မမေ့အပ်ရာ ဗုဒ္ဓဝင်ဖြစ်တော်စဉ်အား သိရှိမှတ်သားနာယူစေခြင်း၊ မြတ်ဗုဒ္ဓ၏ကိုယ်ပွားတော် ပရိဘောဂစေတီတော်ဖြစ်သည့် မဟာဗောဓိညောင်ပင်အား ပူပြင်းခြောက်သွေ့သည့် နွေရာသီကာလတွင် ညောင်ရေသွန်းလောင်းပူဇော်ခြင်းတို့ကို ရှေးယခင်နှစ်ပေါင်းများစွာကပင် ပူဇော်ကျင်းပလျက်ရှိကြကြောင်း သိရသည်။

ပြန်/ဆက်