ရွှေတောင် မေ ၁၂
ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း Book Club တို့ ပူးပေါင်းကျင်းပသော မုဒိတာစာဖတ်ဝိုင်း ( ၆) နှစ်ပြည့်အထိမ်းအမှတ်နှင့် စာပေဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့၊ နံနက်ပိုင်းကကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ အဖွဲ့ဝင် ဦးကျော်လွင်က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ ဒေါ်ခင်ယုနိုင် အေပရယ်ယုနိုင် (ရွှေတောင်) က မုဒိတာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ငြိမ်းငြိမ်းသန့်က အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မုဒိတာစာဖတ်ဝိုင်း ( ၆) နှစ်ပြည့်အထိမ်းအမှတ် ကဗျာပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲတို့တွင် ဆုရရှိသူကျောင်းသား၊ ကျောင်းသူလေးများကို တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး ဆုရကျောင်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသောစာအုပ်စာစောင်ပြပွဲနှင့် အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေး သတိပေးနှိုးဆော်ချက်၊ လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း