မင်းလှမြို့၌ ကဆုန်လပြည့် (ဗုဒ္ဓနေ့) ကဆုန်ညောင်ရေသွန်းလောင်းခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပ

မင်းလှ မေ ၁၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် သာသနာ့နယ်မြေများအတွင်းရှိ ဗုဒ္ဓဘုရားပွင့်တော်မူရာ ဗောဓိညောင်ပင်၊ ပရိဘောဂစေတီထိုက်သော မဟာဗောဓိညောင်ပင်များတွင် ကဆုန်လပြည့်(ဗုဒ္ဓနေ့) ဒီကနေ့ ညနေပိုင်း၌ ကဆုန်ညောင်ရေသွန်းလောင်းခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။ 

ညောင်ရေသွန်းလောင်းရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ဝတ်အသင်းသူများက အမှတ်(၇) ပြည်တော်သာရပ်ကွက်၊ မြို့ဦးဘုန်းတော်ကြီးကျောင်းတွင် ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာများ ဆက်ကပ်လှူဒါန်းပူဇော်၍ ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြသည်။

ထို့အပြင် မြို့ပေါ်ရပ်ကွက်အသီးသီးမှ လူငယ်မောင်မယ်များ၊ ဒေသခံပြည်သူများသည် ဘုရား၊ စေတီ၊ ပုထိုး၊ ဘုန်းတော်ကြီးကျောင်းများရှိ မဟာဗောဓိညောင်ပင်များကို ညောင်ရေသွန်းလောင်းပူဇော်ကြရာ စေတနာရှင် အလှူရှင်များက အအေး၊ မုန့်ဟင်းခါး၊ ထမင်းစသည့်တို့ဖြင့် လှူဒါန်းဧည့်ခံကျွေးမွေးခဲ့ကြ‌ကြောင်း သိရသည်။

ပေါက်စ (မင်းလှ)