မိုးညို မေ ၁၂
ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ် ကဆုန်လပြည့်နေ့တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာတစ်ရပ်ဖြစ်သော ညောင်ရေသွန်းပွဲတော်နှင့် စတုဒိသာ ကျွေးမွေးလှူဒါန်းခြင်းကို ယမန်နေ့ ညနေ ၃ နာရီက ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ရွှေဥဒေါင်းရပ်ကွက်ရှိ ဝေဇယန္တာပရိယတ္တိစာသင်တိုက်အတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ညောင်ရေသွန်းပွဲတော်ကို ဝေဇယန္တာပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓါန နာယကဆရာတော်ထံ ဩဝါဒခံယူ၍ ကျောင်းအကျိုးတော်ဆောင်ဂေါပကအဖွဲ့များ ၊ အလှူရှင်များက စုပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ကျောင်းတိုက်ဝင်းအတွင်းရှိ ဗောဓိညောင်ပင်အား မြို့ပေါ်(၅)ရပ်ကွက်နှင့် ကျေးရွာများမှ ညောင်ရေသွန်းအဖွဲ့မျာက မော်တော်ယာဉ်၊ သုံးဘီးဆိုင်ကယ်များဖြင့်လာရောက်ခါ ဗောဓိညောင်ပင်နှင့်အတူ သာသနာတော်ကြီး အမြဲရှင်သန်ပွင့်လန်းစေရန်ရည်ရွယ်၍ ညောင်ရေများ သွန်းလောင်းခဲ့ကြသည်။
အဆိုပါညောင်ရေသွန်းလောင်ရန်နှင့် ဘုရားဖူးလာရောက်သူများအား အလှူရှင်များက မုန့်ဟင်းခါး၊ ကြာဇံချက်၊ အာပူရှာပူ၊ ဖာလူဒါ၊ ရွှေရင်အေး၊ ရေခဲမုန့်အပါအဝင် (၁၃)မျိုးအား စတုဒိသာကျွေးမွေးလှူဒါန်းရာ ပျော်ပျော်ပါးပါးသုံးဆောင်ခဲ့ကြကြောင်း သိရသည်။
ကိုမင်း (ပြန်/ဆက်)