မိုးညိုမြို့နယ်၌ အခြေခံရှေးဦးပြုစုခြင်းသင်တန်းအမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲပြုလုပ်

မိုးညို မေ ၁၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ရွှေဥဒေါင်းရပ်ကွက်ရှိ အ.လ.က(ခွဲ) တောင်ပိုင်းကျောင်း၌ ယမန်နေ့နံနက် ၉ နာရီက မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ပူးပေါင်းဆောင်ရွက်မှုဖြင့် အခြေခံရှေးဦးပြုစုခြင်းသင်တန်း အမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖုန်းလွင်၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မိုးနှင့် အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မျိုးမျိုးမင်းကြည်တို့က အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးစံလင်းက ရှေးဦးပြုစုခြင်းသင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် သင်တန်းပို့ချမည့် အစီအစဉ်များအား ရှင်းလင်းပြောကြားပြီး မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေးဆရာမကြီး ဒေါ်နုနုဝင်းက သွေးလွန်တုပ်ကွေးနှင့် အပူဒဏ်ကာကွယ်ရေးအကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို မေလ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့ထိ (၃)ရက်ကြာ ပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား ၂၆ ဦးအား အရိုးကျိုးခြင်းနှင့်ပတ်တီးဆီးခြင်း၊ အသက်ရှူမေ့မြောခြင်းနှင့် အသက်ရှူအားကူနည်း၊ ဒက်ရာအမျိုးမျိုးနှင့်သွေးထွက်ဒဏ်ရာများ၊ သဘာဝဘေးအန္တရာယ်များနှင့် ကျန်းမာရေးအသိပညာပေးခြင်းများ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)