ချောင်းဆုံ မေ ၁၀
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် မိုးစပါးစိုက်တောင်သူများ မြေဆီလွှာဖွံ့ဖြိုး၍ နည်းစနစ်မှန်ကန်စွာစိုက်ပျိုးပြီး အထွက်တိုးစေရန်အတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ကြဲပက်ခြင်းနှင့် မျိုးစပါးပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် (၇) နာရီခွဲအချိန်က နတ်မှော်ကျေးရွာ ဦးပိုင်အမှတ် (၁/၂)၊ ၇၇၉(က)ကော့တာ(က)ကွင်းတွင် ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်အဆင့် သက်ဆိုင်ရာဌာန တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးက မြို့နယ်အတွင်း ဆောင်းသီးနှံ၊ နွေစပါး စိုက်ပျိုးထားရှိမှု အခြေအနေများနှင့် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ကြဲပက် စိုက်ပျိုးခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများကို ရှင်းလင်းတင်ပြခဲ့ပြီး မွန်ပြည်နယ် ဝန်ကြီးချုပ်က လမ်းညွှန်အမှာစကားပြောကြားရာ စာရေးရိက္ခာဖူလုံစေရေး နည်းစနစ်တကျစိုက်ပျိုး၍ ဆန်စပါး အထွက်တိုးစေရန်နှင့် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် တောင်သူများ၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် သက်ဆိုင်တာဝန်ရှိသူများမှ ပူးပေါင်းဆောင်ရွက်ကြရန် စသည်ဖြင့် ထည့်သွင်းပြောကြားခဲ့သည်။
ထို့နောက် မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တောင်သူများအား စပါးမျိုးစေ့ ထောက်ပံ့ခြင်းနှင့် တောင်သူ ဦးသန်းထွန်းဝင်း၏ မိုးစပါးစိုက်ဧက(၁၀.၉၆) ဧကအတွင်း သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့များ ကြဲပက်ပေးခဲ့ပြီးနောက် တောင်သူများတင်ပြသည့် လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မျိုးစပါးမျိုးစေ့များကို တောင်သူ (၁၄)ဦး၏ မျိုးစေ့ထုတ် စိုက်ဧက (၅၀)အတွက် ပေါ်ဆန်းရင် မျိုးစပါး တင်း(၅၀)ပေးအပ်ခဲ့ပြီး မြို့နယ်အတွင်း လာမည့်မိုးစပါးစိုက်ပျိုးရာသီ၌ မိုးစပါးစိုက်ဧက (၆၅၃၀၉) ဧက စိုက်ပျိုးထုတ်လုပ်နိုင်ရန်လျာထား ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကိုကျော်(ချောင်းဆုံ)