အထက်မင်းလှ မေ ၁၀
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ပန်းတော်ပြင်ကျေးရွာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း(SMU) ဝင်ငွေတိုးပွားရေးကဏ္ဍအတွက် ချေးငွေချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် (၃)နာရီက ပန်းတော်ပြင်ကျေးရွာဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က အမှာစကားပြောကြားပြီး၊ ပန်းတော်ပြင်ကျေးရွာမှ ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းဥက္ကဋ္ဌ ဦးကျော်ဝဏ္ဏထွန်းက ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးစိုးသိန်းက ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။
ယင်းနောက် ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း(SMU) ဝင်ငွေတိုးတက်ရေးကဏ္ဍအတွက် ချေးငွေပေးအပ်ပွဲကျင်းပရာ စိုက်ပျိုးရေးကဏ္ဍတွင် တောင်သူ(၆၂)ဦးအား (၁၈၆)သိန်းမွေးမြူရေးကဏ္ဍတွင် တောင်သူ (၂၉)ဦးအား (၅၈)သိန်း၊ အရောင်းအဝယ်ကဏ္ဍတွင် တောင်သူ(၂၉)ဦးအား (၄၃.၅)သိန်း စုစုပေါင်း(၂၈၇.၅) သိန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်မြေစာရင်းဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့မှတာဝန်ရှိသူများက ဒေသခံတောင်သူများထံ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)