မြို့သစ် မေ ၁၀
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် စိုက်ပျိုးရေးကို စပါး၊ နှမ်း၊ မြေပဲများ သာမက ရာသီအလိုက် ကာလတို/ကာလရှည်သီးနှံမျိုးစုံကို စိုက်ပျိုးလျက်ရှိရာ ခရမ်းချဉ် စိုက်ခင်းများအောင် မြင်ဖြစ်ထွန်းလျက်ရှိပြီး ရောင်းချချိန် ခရမ်းချဉ်သီး ဈေးနှုန်းများ အနည်းငယ်မြင့်တက်လာကြောင်း သိရသည်။
ခရမ်းချဉ်သီးနှံသည် ပျိုးထောင်သည့်အချိန်မှစတင်ပြီး ခူးဆွတ်ရောင်းချိန်အထိ အမြဲဂရုစိုက်ရသည့် သီးနှံအမျိုးအစားဖြစ်ပြီး စိုက်ပျိုးမြေအမျိုးအစားနှင့် ရာသီဥတုအခြေအနေပေါ်မူ တည်၍ ရေသွင်းခြင်း၊ အပင်အားတိုးဆေးနှင့် ပိုးမွှားနှိမ်နင်းဆေးများအသုံး ပြုရကြောင်း ခရမ်းချဉ် စိုက်ပျိုးသူထံက သိရသည်။
ခရမ်းချဉ်မျိုး(၂)ထုပ်စိုက်ပျိုးပါက ငွေကျပ်ခွန်နှစ်သိန်းမှ ရှစ်သိန်းဝန်းကျင်ခန့်ကုန်ကျကြောင်း၊ စိုက်ပျိုးပြီး ရက်ငါးဆယ်ဝန်းကျင်တွင် အသီးများ စတင်ခူး ဆွတ်ရောင်းချရကြောင်း၊ ပြီးခဲ့သည့် ရက်ပိုင်းက တစ်ပိဿာ (၁၀၀၀) ကျပ်စျေးနှင့် အောက်ရောင်းချရသော်လည်း ယခု ပေါက်စျေးတစ်ပိဿာ (၁၅၀၀-၂၀၀၀) ကျပ် စျေးရရှိကြောင်း၊ (၂)ရက်ခြားတစ်ကြိမ် ခူးဆွတ်ရသဖြင့် နေ့စဉ်နီးပါးဝင်ငွေရရှိသော်လည်းစျေးနှုန်းများ ကျဆင်းနေကြောင်း ၎င်းကဆက်လက်ပြောသည်။
မြို့သစ်မြို့နယ်တွင် စီးပွားဖြစ် ခရမ်းချဉ်သီးစိုက်ပျိုး သူများအနေဖြင့် ဗမာခရမ်းချဥ်သီးနှင့် ထိုင်ဝမ်ခရမ်းချဉ်မျိုးများကို နေရာခွဲကာစိုက်ပျိုးကြကြောင်းနှင့် ခရမ်းချဉ်များသည် အခွံထူအထားခံမျိုးဖြစ်သောကြောင့် စိုက်ပျိုးမည်ဆိုပါကဦးစွာ သဘာဝမြေဩဇာဖြစ်သည့် နွားချေး၊ ကွန်ပေါင်းဓာတ်မြေဩဇာများနှင့် မြေပြုပြင်ထားမှသာ အပင်ဖြစ်ထွန်းမှုကောင်းပြီး အသီးထွက်နှုန်းကောင်းမွန်ကြောင်း သိရသည်။
သန်းဝင်းထွန်း ( မြို့သစ် )