ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ရန်ပုံငွေဖြင့် ထုတ်ချေးထားသည့် လုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

စစ်တွေ မေ ၁၀

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ရန်ပုံငွေဖြင့် ထုတ်ချေးထားသည့် လုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ်ပိုင်းက ရခိုင်ပြည်နယ် အစိုးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conference စနစ်ဖြင့် တက်ရောက်ကြသည်။  

ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ယခုအစည်းအဝေးသည် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးစေအတွက် ရရှိထားသည့် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေ (၁၀) ဘီလီယံနှင့်ပတ်သက်၍ ကဏ္ဍအလိုက် ထုတ်ချေးထားငွေများ ပြန်လည်ကောက်ခံရရှိမှု အခြေအနေ၊ ကောက်ခံရန်ကျန်ရှိနေမှု အခြေအနေနှင့် ရန်ပုံငွေလက်ကျန် အခြေအနေများကို တက်ရောက်လာကြသည့် ကော်မတီများမှ သက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြဆွေးနွေးနိုင်ရေးအတွက် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ထောက်ပံ့ငွေ (၁၀) ဘီလီယံရရှိခဲ့ခြင်းမှာ ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ထိခိုက်ကျဆင်းခဲ့သော ပြည်သူလူထု၏ လူမှုစီးပွားဘဝနှင့် နိုင်ငံတော်၏ စီးပွားရေးအခြေအနေကို ပြန်လည်မြှင့်တင်နိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏လမ်းညွှန်စီစဉ်မှုဖြင့် ရခိုင်ပြည်နယ် အတွက်ရရှိခဲ့ခြင်းဖြစ်ကြောင်း၊  ရရှိရန်ပုံငွေကျပ် (၁၀) ဘီလီယံကို ကဏ္ဍ ၅ ခုသို့ ခွဲဝေပြီး ထုတ်ချေးခဲ့ရာ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေး(အသား) ကဏ္ဍ၊ မွေးမြူရေး(ငါး) ကဏ္ဍ၊ သမဝါယမ၊ အသေးစား အလတ်စားကဏ္ဍ၊ အစိုးရအထူးကိစ္စရပ်ကဏ္ဍများသို့ အသီးသီး ထုတ်ချေးပေးခဲ့ရာ စုစုပေါင်း ငွေကျပ် ၆ ဒသမ ၃၉၅ ဘီလီယံ ထုတ်ချေးထားပြီးဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ထောက်ပံ့ငွေများ ထုတ်ချေးပေးရာတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှမတည်ရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်းစီမံကိန်း အကောင်အထည်ဖော်ရေး လက်စွဲစာစောင် (SOP)ရေးဆွဲပြီး လက်စွဲစာစောင်နှင့်အညီ ရန်ပုံငွေထုတ်ချေးမှုများ ဆောင်ရွက်ခဲ့ကြောင်း၊ သို့သော် ပြည်နယ်၏ နယ်မြေဒေသ အခြေအနေများအရ ထုတ်ချေးပေးမှုများကို ခေတ္တဆိုင်းငံ့ထားရှိခဲ့ကြောင်း၊ ကော်မတီများအနေဖြင့် ကဏ္ဍအလိုက် လက်ရှိထုတ်ချေးထားသည့်ငွေများနှင့်ပတ်သက်၍ လုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း ရှိ/မရှိနှင့် ထပ်မံ၍လုပ်ငန်းဆောင်ရွက်လိုသူများ ရှိပါကလည်း ထုတ်ချေးပေးနိုင်မည့် အခြေအနေများကို ဆွေးနွေးတင်ပြပေးကြစေလိုကြောင်းနှင့် ကော်မတီအသီးသီးမှ လက်ကျန်ငွေများနှင့် ထုတ်ချေးထားငွေများ ပြန်လည်ကောက်ခံနိုင်ရေးတို့နှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်နိုင်မည့် အစီအစဉ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ကော်မတီများမှ ဝိုင်းဝန်းဆွေးနွေး ပေးကြစေလိုကြောင်း ပြောကြားသည်။ 

ထို့နောက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ရန်ပုံငွေဖြင့် ထုတ်ချေးထားရှိမှု အခြေအနေများကို ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရက ရှင်းလင်းတင်ပြသည်။ ယင်းနောက် ပြည်နယ်အဆင့်စီမံကိန်းကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူးများက စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေး(အသား)ကဏ္ဍ၊  မွေးမြူရေး(ငါး)ကဏ္ဍ၊ သမဝါယမ၊ အသေးစား အလတ်စားလုပ်ငန်းကဏ္ဍ၊ အစိုးရသီးခြား (ဆား)ကဏ္ဍတို့ကို ကဏ္ဍအလိုက် ချေးငွေထုတ်ချေး ထားမှုအခြေအနေများ၊ ကောက်ခံရရှိမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ တင်ပြချက် များအပေါ် ပြည်နယ်အဆင့် စီမံကိန်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် Video Conference စနစ်ဖြင့် တက်ရောက်ကြသည့် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများက ချေးငွေထုတ်ချေးပေးထားမှု၊ ပြန်လည်ထုတ်ချေးပေးနိုင်မည့် အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရမည့် အစီအမံများအား ဖြည့်စွက်အကြံပြုဆွေးနွေး တင်ပြကြသည်။ 

ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရသည်။

တင်ထွန်း (ပြန်/ဆက်)