မော်လမြိုင် မေ ၉
မွန်ပြည်နယ်အတွင်းရှိ သမဝါယမဦးစီးဌာနဝန်ထမ်းများနှင့် သမဝါယမအသင်းများမှ လုပ်ငန်းများ ဆောင်ရွက်ရာတွင် တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်နိုင်ရေး ဥပဒေအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်က ဥပဒေပညာဘာသာရပ်သည် နိုင်ငံတစ်နိုင်ငံအတွက် မရှိမဖြစ်လိုအပ်သည့် ပညာဘာသာရပ်တစ်ခုဖြစ်ပြီး နိုင်ငံသားတိုင်းအနေဖြင့် ဥပဒေပညာဘာသာရပ်ကို သိရှိလိုက်နာစောင့်ထိန်းကြရသည့် ပြဋ္ဌာန်းသတ်မှတ်ထားသော စည်းကမ်းကျင့်စဉ်ကြီးတစ်ရပ်ဖြစ်ကြောင်း၊ ထို့ကြောင့် ဥပဒေပညာဘာသာရပ်ကို လူတိုင်းသိအပ်၊ တတ်အပ်သောပညာရပ်ဟုဆိုရမည်ဖြစ်ကြောင်း၊ နိုင်ငံသားတိုင်းသည် နိုင်ငံတော်ကထုတ်ပြန်ပြဋ္ဌာန်းထားသော တည်ဆဲဥပဒေများကို လေးစားလိုက်နာစောင့်ထိန်းကြရမည်ဖြစ်ကြောင်း၊ ဥပဒေနှင့်ငြိစွန်းသောကိစ္စရပ်များကို လူတိုင်းမပြုလုပ်ကြရန် အလေးထားရှောင်ရှား ကြရမည်ဖြစ်ကြောင်း၊ ဥပဒေကမလုပ်ရန်၊ ရှောင်ရှားကြရန်တားမြစ်ထားသော ပြဋ္ဌာန်းချက်များကိုမလိုက်နာပါက ဥပဒေ၏ပြစ်ဒဏ်ပေးခြင်းတို့ကို ခံစားကြရမှာဖြစ်ကြောင်း၊ ဥပဒေအသိပညာပြန့်ပွားပေးရခြင်းမှာ နိုင်ငံသားတိုင်းဥပဒေအသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် ဥပဒေအသိအမြင်၊ ဥပဒေအတွေးအခေါ်၊ ဥပဒေစိတ်ထားများ၊ ဥပဒေစကားများ ပိုမိုပေါ်ထွန်းလာစေရေးတို့အတွက် ရည်ရွယ်ပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)၊ သိမှတ်ဖွယ်ရာဥပဒေရေးရာအဖြာဖြာ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ(၂၀၁၀ ခုနှစ်)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ နိုင်ငံဝန်ထမ်းဥပဒေ၊ ၁၉၉၂ ခုနှစ် သမဝါယမဥပဒေတို့ကို ဟောပြောဆွေးနွေးခဲ့ပြီး မွန်ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်က ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရာဇသတ်ကြီးဥပဒေစာအုပ်များအား ပြည်နယ်သမဝါယမဦးစီးဌာန စာကြည့်တိုက်အတွက် ပေးအပ်လှူဒါန်းခဲ့ရာ ပြည်နယ်သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးက လက်ခံရယူခဲ့သည်။
အဆိုပါဟောပြောပွဲသို့ မွန်ပြည်နယ်ဥပဒေချုပ်ရုံးမှ ပြည်နယ်ဥပဒေအရာရှိ၊ ဒုတိယပြည်နယ် ဥပဒေအရာရှိ၊ လက်ထောက်ပြည်နယ်ဥပဒေအရာရှိ၊ မော်လမြိုင်ခရိုင်ဥပဒေအရာရှိ၊ ပြည်နယ်သမဝါယမဦးစီးမှူးနှင့် မွန်ပြည်နယ်အတွင်းရှိ ပြည်နယ်သမဝါယမအသင်းစုချုပ်၊ မြို့နယ်သမဝါယမအသင်းစုများမှ အမှုဆောင်များနှင့် ပြည်နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများ (၄၀) တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
စည်သူ (ပြန်/ဆက်)