သာယာဝတီ၌ ပြောင်းလဲနေသောရာသီဥတုအကြောင်း အသိပညာပေး ဟောပြောပွဲကျင်းပ

သာယာဝတီ မေ ၉

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် သာယာဝတီမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော "ပြောင်းလဲနေသောရာသီဥတုအကြောင်း" အသိပညာပေးဟောပြောပွဲကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

 အဆိုပါဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာမိုးက ဟောပြောပွဲနှင့်ပတ်သက်၍ ပြည်သူများ သိရှိစေရန် ယခုကဲ့သို့ အသိပညာပေးဟောပြောပွဲကို ရည်ရွယ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် သာယာဝတီခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စုမြတ်သန္တာဖွေးက ပြောင်းလဲနေသော ရာသီဥတုနှင့် လိုက်လျောညီထွေနေထိုင်ရေး လိုအပ်ပုံ၊ ရာသီဥတုပြောင်းလဲရခြင်းတွင် သဘာဝအရပြောင်းလဲခြင်းနှင့် လူသားတို့၏ အမူအကျင့်များကြောင့် ပြောင်းလဲခြင်းစသည့် အကြောင်းရင်းများ၊ မှန်လုံအိမ်ဓာတ်ငွေ့ခြောက်မျိုး၊ ကမ္ဘာမြေကြီးအားထိန်းသိမ်းဖို့ ရာသီဥတုပြောင်းလဲမှုကို လျော့ချနိုင်မည့် နည်းလမ်းများ၊ ကမ္ဘာမြေပြင်သို့ နေမှလာသော လူကိုအန္တရာယ်ဖြစ်စေသည့် ခရမ်းလွန်ရောင်ခြည်အား ကာကွယ်ထားသည့် အိုဇုန်းလွှာအကြောင်းနှင့် အိုဇုန်းလွှာထိန်းသိမ်းကာကွယ်‌ရေးနည်းလမ်းများ စသည်တို့ကို အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များဝေငှပေးခဲ့သည်။

ထို့နောက် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များ ပြသထားရှိမှုတို့ကို စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

သန့်ဇော်