ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး စိုက်ပျိုးစွမ်းအားမြှင့်တင်နိုင်ရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးရေး ကြည့်ရှုအားပေး

ဘားအံ မေ ၈

ကရင်ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးကို အခြေခံ၍ အခြားသောစီးပွားကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မေလ ၈ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ ဇာသပြင်ကျေးရွာ အုပ်စုအတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်နိုင်ရေးနှင့်မွေးမြူရေး ကဏ္ဍဖွံ့ဖြိုးရေး အတွက် မြေပြင်ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ ဇာသပြင်ကျေးရွာ၊ ကွင်းအမှတ်(၁၂၆၈-ခ)၊ အလန်းအရှေ့ကွင်း၌ ဇာသပြင်လျှပ်စစ်မြစ်ရေတင်လုပ်ငန်း၏ လက်တံမြောင်းမှရေကို ဆိုလာစနစ်ဖြင့် ရယူအသုံးပြုစိုက်ပျိုးဖြစ်ထွန်းနေသော တောင်သူဦးကာလီဘာ၏ နွေစပါး (၂၀) ဧကအား ကြည့်ရှုအားပေးရာ ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းမြင့်နှင့် တာဝန်ရှိသူများက နွေစပါးစိုက်ပျိုးဖြစ်ထွန်းနေမှုနှင့် မိုးစပါးလျာထားဧက ပြည့်မီကျော်လွန်ရေး တောင်သူစည်းရုံးပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချရေးဌာနခွဲမှ ဈေးနှုန်းကြီးမြင့်သော ဓါတ်မြေဩဇာများကို အသုံးပြုမှုလျော့ချ၍ ကုန်ကျစရိတ်သက်သာသော သဘာဝမြေဩဇာများကို တောင်သူများတွင် တွင်ကျယ်ကျယ်အစားထိုးပြုလုပ်သုံးစွဲလာစေရေး အီးအမ်ဘိုကာရှီနှင့်စူပါဘိုကာရှီ မြေဆွေးပုံပြုလုပ်သုံးစွဲနည်းကို လက်တွေ့ပြုလုပ်ပြသရာ ဇာသပြင်အရှေ့၊ ဇာသပြင်အနောက်၊ ကော့ကျိုက်၊ ကျုံဖဲ၊ ကော့လမု၊ ကော့သင်း ကျေးရွာများမှတောင်သူများက ကြည့်ရှုလေ့လာခဲ့ကြပြီး ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများက ကျေးလက်ဒေသထွက် သဘာဝအမှိုက်များကို မြေဆွေးပုံပြုလုပ်သုံးစွဲခြင်းဖြင့် မြေဆီဩဇာကို ရေရှည်ကောင်းမွန်စေပြီး စပါးအထွက်နှုန်းတိုးတက်စေကြောင်း၊ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ဖြန့်ဖြူးပေးနေမှုနှင့် ကြဲပက်စိုက်ပျိုးအသုံးပြုခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်က တောင်သူများကိုယ်တိုင် ပြန်လည်ပြုလုပ်သုံးစွဲကြရန် တိုက်တွန်းပြောကြားသည်။

ယင်းနောက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) စုပေါင်းကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲကိုကျင်းပရာ တက်ရောက်လာကြသော မိုးစပါးစိုက်ပျိုးမည့်တောင်သူများက သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့များကို တစ်တင်းလျှင် လေးဧကနှုန်းဖြင့် စုပေါင်းကြဲပက်သရုပ်ပြသကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် တောင်သူများက ကုန်ထုတ်လမ်း၊ တံတားဆောင်ရွက်ပေးနိုင်ရေး၊ စိုက်ပျိုးရေ လုံလောက်စွာ ရရှိနိုင်ရေးတင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး မိုးစပါးစိုက်ပျိုးကြမည့်တောင်သူများအား သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့များကို အခမဲ့ချီးမြှင့်ပေးအပ်ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်သူဦးစိုးသန်း၏ နွေစပါးဆင်းသုခ (၅) ဧကအနက် ၁ ဒဿမ ၅ ဧက ရိတ်သိမ်းမှုအား ကူဘိုတာရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းနေမှုနှင့် ဥယျာဉ်ခြံစိုက်ခင်းတို့အား လှည့်လည်ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အကျိုးပြုဧရိယာ ဧက-၅၀၀ ခန့်အား စိုက်ပျိုးရေပေးဝေနိုင်သည့် ဇာသပြင်လျှပ်စစ်မြစ်ရေတင်လုပ်ငန်း၏  စိုက်ပျိုးရေပေးဝေနေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ရှင်းလင်းဆောင်၌ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စွာဦးက မြစ်ရေတင်လုပ်ငန်း၏ လက်ရှိရေပေးဝေနေမှုနှင့် လျှပ်စစ်မီးရရှိမှုအခြေအနေ၊ ဆိုလာစနစ်တစ်စုံ တပ်ဆင်နိုင်ရေး လျာထားဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြား၍ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်အတွင်းမွေးမြူရေးကဏ္ဍဖွံ့ဖြိုးရေးအတွက် ကော့ကျိုက်-ကော့ပလံ-ဇာသပြင်အဖြောင့်လမ်းမကြီးဘေးရှိ တောင်သူဦးနိုင်ဝင်းအောင်၏ ဘဲ ၁၁၅၀၀ ကောင်နှင့် အသားတိုးဝက် ၁၀၀ ကောင် မွေးမြူရေးခြံအားသွားရောက်ကြည့်ရှုအားပေးရာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးဒေါက်တာတင်နွယ်ရီနှင့်မွေးမြူတောင်သူတို့က ဒေသတွင်းအသားနှင့်ဥဈေးကွက်ရရှိမှု၊ အကျိုးအမြတ်ရရှိမှုနှင့် တိုးချဲ့မွေးမြူနိုင်ရေး ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါအဖြောင့်လမ်းမကြီးဘေးရှိ တောင်သူ ဦးဆန်နီသိန်း၏ အုန်းချိုမွေး ဧက (၃၀) စိုက်ပျိုးရေးခြံ၌ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေပေးဝေနေမှု၊ စိုက်ပျိုးချိန် (၂) နှစ်ကျော် ကာလအတွင်း အသီးစတင်သီးနေမှု၊ တောင်သူဦးနိုင်လင်းဦး၏ ဥစားကြက် ၁၁၀၀ ကောင်မွေးမြူရေးခြံတို့အား ကြည့်ရှုအားပေးပြီး တောင်သူများ၏တင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)