လိပ်သိုမြို့တွင် ပျားဖွတ်ရာသီအစ သဘာဝပျားရည်များ ဈေးကောင်းရရှိ

လိပ်သို မေ ၇

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများသောကြောင့် သစ်ပင်ကြီးများ အများအပြား ရှင်သန်ပေါက်ရောက်လျက်ရှိရာ ဒေသနေပြည်သူများမှာ ပျားဖွတ်ရာသီအစတွင် သစ်ပင်ကြီးများပေါ်၌ ပျားများအုံဖွဲ့၍ စွဲကပ်လျက်ရှိသော ပျားအုံများမှ သဘာဝပျားရည်များကို ဖွတ်ယူရောင်းချလျက်ရှိနေကြောင်း သိရသည်။ 

ပျားဖွတ်ရာတွင် ပျားကိုက်ခြင်း သက်သာစေရန် ရေနံဆီသုတ်လိမ်းထားသော မီးတုတ်များ အသုံးပြု၍လည်းကောင်း၊ ပျားအုံများအောက်တွင် မီးမွှေး၍ မီးခိုးကျပ်တိုက်ခြင်းဖြင့် လည်းကောင်း ပျားများကို မောင်းထုတ်ပြီး ပျားသလက်များကို ဖွတ်ယူရကြောင်း၊ ရရှိလာသော ပျားသလက်များမှ ပျားရည်များကို ထုတ်ယူရရှိကြောင်း ပျားဖွတ်သူတစ်ဦးထံမှ သိရသည်။

ဒေသတွင်း ထွက်ရှိသော သဘာဝပျားရည်များမှာ ဆေးဖက်ဝင်ပြီး အနံ့အရသာနှင့် ပြည့်စုံသောကြောင့် စားသုံးရန်၊ လက်ဆောင်ပေးရန်၊ စားသောက်ကုန်များနှင့် အလှကုန်များတွင် ထည့်သွင်းအသုံးပြုရန်အတွက် ဝယ်ယူသူများပြားလျက်ရှိကာ လိပ်သိုမြို့ပေါ်တွင် ပျားရည်တစ်ပုလင်းလျှင် (၉၀၀ဝိ/-) ကျပ်မှ (၁၀၀၀ဝိ/-) ကျပ်အထိ ဈေးရရှိနေသဖြင့် ပျားဖွတ်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ်