ပေါင်းတည် မေ ၇
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နဝရတ်ခန်းမတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့က အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ ထိန်းသိမ်းစောင့်ရှောက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်သည်။
ဦးစွာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခိုင်မာလွင်က ဟောပြောပွဲကျင်းပရခြင်း ရည်ရွယ်ချက်များ၊ အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ အမျိုးသမီးရေးရာအဖွဲ့အတွင်းရေးမှူး ဒေါ်နှင်းဝေလှိုင်နှင့် အဖွဲ့ဝင်များက မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များနှင့် အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးတို့ကို အသီးသီးဟောပြောဆွေးနွေးခဲ့ကြသည်။
အဆိုပါဟောပြောပွဲသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ရွာပြည်သူ စုစုပေါင်း ၉၅ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရွှေသား