သံတောင်ကြီး မေ ၇
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဒေသအတွင်းရှိ သဘာဝပျားရည်များသည် ဆေးဖက်ဝင်ပြီး လူကြိုက်များခြင်း၊ သဘာဝပျားရည်စစ်စစ်ကိုသာ ထုတ်လုပ်ရောင်းချသည့်အတွက် ဝယ်လိုအားကောင်းသော်လည်း ယခုနှစ်မေလအတွင်းတွင် သံတောင်ကြီးဒေသထွက် သဘာဝပျားရည်များဈေးနှုန်းအနည်းငယ်ကျဆင်းကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ်အတွင်းရှိ သဘာဝပျားရည်များကို တောတောင်ထူထပ်သည့်နေရာများမှ အမြင့်ပေ ၈၀ မှ ၁၀၀ ခန့်ရှိသစ်ပင်ကြီးများတွင် စွဲနေသည့်ပျားအုံများကိုတွေ့ရှိရပြီး ၎င်းပျားအုံများကို ဆောင်းတွင်းနှင့်နွေအကုန် မိုးအကူးအချိန်၌ ပျားဖွတ်ခြင်း လုပ်ငန်းလုပ်ကိုင်သူများက သစ်ပင်ကြီးရှိပျားစွဲသည့် နေရာများသို့ သွားရောက်ကာ ပျားဖွတ်လေ့ရှိကြောင်းသိရသည်။
အဆိုပါ သံတောင်ကြီးဒေသတွင် ပျားရည်များကို ယခင်နှစ်တွင်ဈေးကောင်းရရှိပြီး တစ်ပုလင်းလျှင် ကျပ်(၁၀၀၀၀) မှ ကျပ်(၁၂၀၀၀) အထိ ရှိသော်လည်းယခုနှစ်တွင် ပျားရည်တစ်ပုလင်းလျှင် ကျပ် (၉၀၀၀) သာရရှိကြောင်း ပျားရည်ရောင်းဝယ်လုပ်ကိုင်သူဒေါ်နော်မေထူးထံကသိရသည်။
နော်နော်မူ