ကြံခင်း မေ ၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့် အညီ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် Biometric စာရင်းရေးသွင်းခြင်းကို မေလ(၄)ရက်နေ့နံနက်ပိုင်းက ကြိုးပင်စုကျေးရွာ၊ အုပ်ချုပ်ရေးမှူးရုံးတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းနှင့်ဝန်ထမ်းများက ကြိုးပင်စုကျေးရွာရှိ ဒေသခံ ပြည်သူများအား ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် အသက် (၁၀)နှစ်မှစ၍ နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသူများနှင့် ဟောင်းနွမ်း/လဲလှယ်၊ မိတ္တူ ၅၂ ဦးအားလည်းကောင်း၊ အသက် (၁၀)နှစ် အထက် နိုင်ငံသားတို့၏ Biographic Data နှင့် Biometric Data ကောက်ယူရာ၌ Face Recognition, Iris, Finger Print နှင့် ဂဏန်း ၁၀ လုံးပါ Unique ID နံပါတ်ကိုသတ်မှတ်၍ မှတ်ပုံတင်ထုတ်ပေး နိုင်ရေး ၅၂ ဦးအား ဆောင်ရွက်ပေးကြသည်။
အဆိုပါ Biometric Data ပြုလုပ်ရာတွင် ဒေသခံပြည်သူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ တစ်ပါတည်းယူဆောင်လာရမည်ဖြစ်ကြောင်း၊ Face Recognition နှင့် Iris ပြုလုပ်စဉ် မျက်မှန်တပ်ဆင်ခြင်း၊ မျက်ကပ်မှန်တပ်ထားခြင်း၊ သနပ်ခါးပါးကွက်များလိမ်းခြယ်ခြင်း၊ မိတ်ကပ် ထူထူလိမ်းခြယ်ထားခြင်းများ မပြုလုပ်ရန် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကြိုတင်သတိပေးမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)