ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ဆေးသမားကြီး(IDP) စခန်းမီးလောင်ပြင်အား ရှင်းလင်းပြီးစီးနေမှုနှင့် ယာယီမိုးကာတဲများ ဆောက်လုပ်ပေးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေး

စစ်တွေ မေ ၄

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့နယ်၊ ဆေးသမားကြီး(IDP) စခန်းမီးလောင်ပြင်အား ရှင်းလင်းပြီးစီးနေမှုနှင့် ယာယီမိုးကာတဲများဆောက်လုပ်ပေးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။

ဦးစွာပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့နယ်၊ သဲချောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတိုက်သို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကာ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြပြီး ကျောင်းတိုက်အတွင်း လုံခြုံရေးအတွက် ဆိုလာမီးများ တတ်ဆင်ပေးနိုင်ရေးနှင့် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မှန်စီလမ်းဆုံတွင် IDP စခန်းများစီမံခန့်ခွဲမှု ကော်မတီရုံး ဆောက်လုပ်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး ရုံးအတွင်းလိုအပ်သော ပစ္စည်းများ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးနှင့် ရုံးဆောက်လုပ်ပြီးစီးပါက ဌာနဆိုင်ရာများနှင့် စခန်းတာဝန်ခံများက မီးဘေးလုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် IDP စခန်းရှိပြည်သူများအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားနိုင်ရေး စီစဉ်ဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့နယ်၊ ဆေးသမားကြီး(IDP) စခန်း မီးလောင်ပြင်အား ရှင်းလင်းပြီးစီးနေမှုကို သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များကို တာဝန် ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ပေးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မီးဘေးသင့်ပြည်သူများအား နယ်မြေခံတပ်မတော် ဆေးအဖွဲ့နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါက်တာ ကြည်လွင် ဦးဆောင်၍ ဆရာဝန်၊ သူနာပြုများက ကျန်းမာရေးစောင့်ရှောက်ပေးနေမှုကို ကြည့်ရှု အားပေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ ဆက်လက်၍ မီးဘေးသင့်ပြည်သူများအား သောက်သုံးရေးများဖြန့်ဝေပေးနေမှုနှင့် ပြည်နယ် ကျန်းမာရေးဦးစီးဌာမှ ဝန်ထမ်းများက ရေသန့်ဆေးပြားများ ဖြန့်ဝေပေးနေမှုတို့ကို ကြည့်ရှု အားပေးကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မီးဘေးသင့်ပြည်သူများအတွက် နယ်မြေခံတပ်မတော်သားများ၊ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ယာယီမိုးကာတဲများ ဆောက်လုပ်ပေးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်ကမိုးကာတဲများစနစ်တကျ ဆောက်လုပ်ပေးပြီး နေရာချထားကြရန်၊ မီးဘေးသင့် ပြည်သူများအတွက် သန့်ရှင်းသောရေရရှိရေး၊ ယင်လုံအိမ်သာများအသုံးပြုနိုင်ရေး၊ စနစ်တကျ ချက်ပြုတ်စားသောက် နိုင်ရေးစီစဉ် ဆောင်ရွက်သွားကြရန်မှာကြားသည်။

စစ်တွေမြို့နယ်၊ ဆေးသမားကြီး(IDP)စခန်းတွင် မေလ ၂ ရက်နေ့နံနက် ၄ နာရီ  ၁၅ မိနစ်တွင် မီးလောင်မှုဖြစ်ပွားရာ မီးလောင်ကျွမ်းမှုကြောင့် (၁၀) ခန်းတွဲ လူနေအဆောင်(၁၈) ဆောင်၊ မီးလောင်ပျက်စီးခဲ့ပြီး အိမ်ထောင်စု ၁၈၀ စုမှ လူဦးရေ ၁၂၆၀ ဦး မီးဘေးကြုံတွေ့ခဲ့ရသည့်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက မီးဘေးသင့် အိမ်ထောင်စု ၁၈၀ စု၊ လူဦးရေ ၁၂၆၀ ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၆,၃၀၀,၀၀၀)ကျပ်နှင့် ၁၉,၃၈၂,၀၄၀ ကျပ်တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ ၁၈၀ ပုံး၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ASEAN Family Tent ၁၈၀ ခုနှင့် Jerry Can ရေပုံး၁၈၀ ပုံးတို့ကို ထောက်ပံ့ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်းနှင့် ယာယီနေထိုင်ရေးအတွက် လိုအပ်သည်များကို ပြည်နယ်အစိုးရ အဖွဲ့က ဆက်လက်ဆောင်ရွက်ပေးလျက်ရှိ သည်။

စစ်တွေမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ မတ်လ ၁ ရက်နေ့ကလည်း ခေါင်းဒုက္ကာကျေးရွာအုပ်စု၊ ခေါင်းဒုက္ကာ(၂) IDP စခန်း မီးလောင်မှုဖြစ်ပွားခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့က ဆန်ရိက္ခာဖိုး၊ ကယ်ဆယ်ရေးပစ္စည်းများ၊ ယာယီနေထိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားကြောင်းနှင့် မီးလောင် ပျက်စီးခဲ့သည့် တဲတန်းလျားများ ပြန်လည်ဆောက်လုပ်ရန် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ငွေကျပ် ၂၉၇၂ ဒသမ ၀၃၁ သန်းကျခံ၍ ပြန်လည် ဆောက်လုပ်ရန် စီမံပေးထားကြောင်း သတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)