လွိုင်ကော် မေ ၄
ကယားပြည်နယ်အတွင်း အခြေခံပညာကျောင်းများ ဖွင့်လှစ်ရန်အတွက် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ နောင်ယား(ခ)ရပ်ကွက်ရှိ အခြေခံပညာကျောင်းများ ဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်နေမှုနှင့် ဌာနဆိုင်ရာ ရုံးနှင့် ဝန်ထမ်းအိမ်ရာများ ပြုပြင်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့၊ နောင်ယား(ခ) ရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာမူလတန်းကျောင်းနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတို့သို့ သွားရောက်ကာ ကျောင်းပရိဝုဏ် သန့်ရှင်းသာယာရေး နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုအားပေးသည်။ ထို့နောက် ကျောင်းရုံးခန်းနှင့် စာသင်ခန်းများ၊ ဝန်ထမ်းနေအိမ်များအား လှည့်လည်ကြည့်ရှု စစ်ဆေးရာ ပြည်နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြသည်။ ပြည်နယ် ဝန်ကြီးချုပ်က ကျောင်းဖွင့်ရာသီတွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ တက်ရောက်ပညာသင်ကြားနိုင်ရန်လိုအပ်သည့် ကျောင်းသုံးရုံးသုံး ပရိဘောဂများ ဆောင်ရွက်ထား ရှိရေး၊ စာသင်ဆောင်များ ဥပဓိရုပ်ကောင်းမွန်ရေး၊ အားကစားကွင်းများ စနစ်တကျဖြစ်စေရေး၊ သောက်သုံးရေနှင့် လျှပ်စစ်မီးရရှိရေး စနစ်တကျ ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြား ခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ထို့နောက် ထေးသမရပ်ကွက်ရှိ ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးနှင့် ဝန်ထမ်းအိမ်ရာ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာများသို့လည်းကောင်း ဆက်လက်၍ ပန်ကန်း ကျေးရွာအုပ်စုရှိ ငါးလုပ်ငန်းဦးစီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ခရိုင်/မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနတို့၏ ရုံးများနှင့် ဝန်ထမ်းအိမ်ရာများ သို့လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း တင်ပြ ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ရုံးများပြန်လည်ဖွင့်လှစ်နိုင်ရေး လိုအပ်သည်များကို ပြင်ဆင်ဆောင်ရွက်ကြရန်၊ အဆိုပါရုံးများရှိ ဝန်ထမ်းများနေထိုင်ရန် ဝန်ထမ်းအိမ်ရာများရှိ လျှပ်စစ် မီး၊ သောက်သုံးရေ၊ အဆောက်အအုံအချို့ ပျက်စီးမှုများအား အမြန်ဆုံးပြုပြင်နိုင်ရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်( ပြန်/ဆက်)