မဟာအောင်မြေ မေ ၁
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြနန္ဒာဝန်ထမ်းအိမ်ရာ၌ (၂၈.၃.၂၀၂၅) ရက်နေ့တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ငလျင်ဘေးသင့်ဝန်ထမ်းမိသားစုများအား ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ဆေး တိုက်ကျွေးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက (အခမဲ့) ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ချမ်းမြသာစည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူးနှင့်အဖွဲ့ဝင်များက ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ဆေးမသောက်မီ မိမိတွင် ဆေးနှင့်မတည့်သော ရောဂါအခံ တစ်စုံတစ်ရာရှိလျှင် မသောက်သင့်ကြောင်း၊ တစ်ကိုယ်ရည်သန့်ရှင်းမှု ရှိရမည်ဖြစ်ကြောင်း၊ အများပြည်သူနေထိုင်ရာ ရပ်ကွက်များတွင်လည်း ကိုယ်ပိုင်အိမ်သာမရှိသူများကို ဦးစားပေး၍ ကာကွယ်ဆေးတိုက်ကျွေးသွားမည်ဖြစ်ကြောင်းနှင့် ဝမ်းပျက်၊ ဝမ်းလျှောရောဂါ၏ ဘေးထွက်ဆိုးကျိုးများအကြောင်း စသည့်အကြောင်းအရာများကို ဦးစွာရှင်းပြခဲ့ပြီး အဆိုပါ ပြည်သူ့ကျန်းမာရေးဦးစီးမှူးနှင့်အဖွဲ့ဝင်များက မြနန္ဒာဝန်ထမ်းအိမ်ရာ ဝန်ထမ်းမိသားစုဝင် အသက်(၂)နှစ်အထက် ကလေး၊ လူကြီးများအား ကာကွယ်ဆေးတိုက်ကျွေးခဲ့သည်။ ယင်းကာကွယ်ဆေးတိုက်ကျွေးမှုကို ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ် (၃) ကြိမ်တိုင် (အခမဲ့) တိုက်ကျွေးသွားမည်ဖြစ်ကြောင်း သိရသည်။
(ရွှေတိုး) ၀၅၆