မိတ္ထီလာ မေ ၁
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ငလျင်ဘေးသင့်ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ယမန်နေ့က အောင်ဆန်းရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ် လူဝင်မှုကြီကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ငလျင်ဘေးသင့်ပြည်သူများ၏ ပျက်စီးပျောက်ဆုံးသွားသည့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေးစာရင်းများကို အဖွဲ့(၄)ဖွဲ့ခွဲ၍ မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။ ထိုသို့ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဧပြီလ ၃၀ ရက်နေ့အထိ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ ၇၂ ဦးနှင့် အိမ်ထောင်စုလူဦးရေစာရင်းမိတ္တူ ၅၆ စုတို့အား ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်သည်။ ၎င်းအပြင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီတို့ဖြင့် ပူးပေါင်း၍ မြေပြင်စိစစ်ချက်အရ ကျန်ရှိသည့် နိုင်ငံသားစိစစ်ရေးကတ်နှင့်အိမ်ထောင်စုလူဦးရေစာရင်းများကို ဆက်လက်၍ အမြန်ဆုံးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော် (မိတ္ထီလာ)