ကယားပြည်နယ်ဝန်ကြီးချုပ် အစိုးရစက်မှုလက်မှုသိပ္ပံနှင့် ဌာနဆိုင်ရာရုံးများဖွင့်လှစ်ရန် ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး

လွိုင်ကော် မေ

ကယားပြည်နယ်အတွင်း အဆင့်မြင့်နှင့်အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာရုံးများ ပြန်လည်ဖွင့်လှစ်နိုင်ရေးပြင်ဆင်မှုလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ လွိုင်ကော်မြို့၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း၊ ဌာနဆိုင်ရာရုံးများ ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်ဆောင်ရွက်နေမှုများနှင့် ဘီလူးချောင်းကမ်းပါး မြေထိန်းနံရံများ ပြင်ဆင်ထိန်းသိမ်းရန် လိုအပ်သည့်အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းသို့ ရောက်ရှိကာ ကျောင်းဝင်းအတွင်း စာသင်ခန်းများ၊ ကျောင်းသားကျောင်းသူနှင့် ဝန်ထမ်းအိပ်ဆောင်များ၊ လက်တွေ့သင်ကြားရေးအလုပ်ရုံများ ပြင်ဆင်နေမှုနှင့် လိုအပ်သည်များ ထပ်မံပြုပြင်ရန်တို့ကို ကြည့်ရှုစစ်ဆေးရာ ကျောင်းအုပ်ကြီးက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို လိုက်လံရှင်းလင်းတင်ပြသည်။ ပြည်နယ် ဝန်ကြီးချုပ်က ကျောင်းဖွင့်ရာသီတွင် စာသင်ခန်းများ၊ ကျောင်းသားကျောင်းသူနှင့် ဝန်ထမ်းအိပ်ဆောင်များ၊ လက်တွေ့သင်ကြားရေးအလုပ်ရုံများအားလုံး အသင့်ဖြစ်စေရေး၊ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေး အလေးထားဆောင်ရွက်ရန်မှာကြား ပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ထို့နောက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ပြည်နယ်မန်နေဂျာရုံးသို့ ရောက်ရှိပြီး ရုံးအဆောက်အအုံများနှင့် ဝန်ထမ်းအိမ်ရာပြုပြင်နေမှုနှင့် ဆက်သွယ်ရေး ကွန်ရက်များ ပြန်လည်ချိတ်ဆက်ပြင်ဆင်နေမှုတို့အား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်မန်နေဂျာနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးသို့ရောက်ရှိကာ ပင်မရုံးအဆောက်အအုံနှင့် ဌာနခွဲရုံးခန်းများ၊ ဧည့်ရိပ်သာနှင့် အစည်းအဝေးခန်းမများ ပြုပြင်ပြီးစီး၍ ရုံးပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်နယ်သမဝါယမဦးစီးဌာနရုံးသို့ရောက်ရှိကာ ရုံးအဆောက်အအုံ၊ ပြည်နယ်ဦးစီးမှူးနေအိမ်နှင့် ဝန်ထမ်းအိမ်ရာများ၊ အုတ်တံတိုင်း ခြံစည်းရိုးကာရံပေးနိုင်ရေး ကြည့်ရှုစစ်ဆေးကာ အမြန်ဆုံးပြင်ဆင်ဆောက်လုပ်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဆက်လက်၍ လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်ရှိ ဘီလူးချောင်းကမ်းနားလမ်းသို့ရောက်ရှိကာ မိုးရာသီတွင် ရေကြီးရေလျှံဖြစ်ပေါ်မှုမှ ကာကွယ်နိုင်ရေး မြေထိန်းနံရံများပြုပြင်ရန် လိုအပ်သည့်နေရာများအား ထပ်မံတည်ဆောက်နိုင်ရန်နှင့် ဘီလူးချောင်း ရေစီးရေလာကောင်းမွန်ရေးအတွက် သဲနုန်း၊ ကျွန်းမွှားများ ရှင်းလင်းရန် လိုအပ်သည့်အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)