မြစ်သား မေ ၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သား မြို့နယ်တွင်မန္တလေးငလျင်ကြီးကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာများမီးလောင်ပျက်စီးဆုံးရှုံးခဲ့ရသဖြင့် ၂၀၂၅ ခုနှစ် ဇွန်လ ၁၆ ရက်နေ့မှ ၂၁ ရက်နေ့အထိ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည်ဖြစ်ရာ မြစ်သားမြို့နယ်အတွင်းရှိ ကူမဲမြို့ အထက်တန်းကျောင်းတွင် ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူများအတွက် Day Camp စခန်းသွင်းလေ့ကျင့် သင်ကြားပို့ချနေမှုကို ယမန်နေ့ညနေပိုင်းအချိန်က တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းကြည့်ရှုရာတွင် မြစ်သားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်က ကူမဲမြို့ အထက်တန်းကျောင်းတွင် Grade 12 ပြန်လည်ဖြေဆိုမည့် Day Camp သင်ကြားနေသည့် ကျောင်းသား/ကျောင်းသူများကို တွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအတွက် သင်ကြားမည့် စာသင်ဆောင်များ၊ အိပ်ဆောင်များနှင့် သင်ခန်းစာပို့ချနေရာများကို လှည့်လည်ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်ပြုံးကြည်၊ မြို့နယ်အဆင့်တာဝန်ရှိသူများသည် ဇွန်လ (၁၆) ရက်နေ့မှ ၂၁ ရက်နေ့အထိ တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရန်နှင့်အောင်ချက်မြင့်မားရန်အတွက် လိုအပ်သည်များကို ဆောင်ရွက်ပေးပြီး လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ဝါဝါမြင့် (မြစ်သား)