မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်သေဆုံးသူများအား ရိက္ခာနှင့်ငွေများပေးအပ်

ပျော်ဘွယ် မေ ၁

၂၀၂၅ ခုနှစ်၊ မတ်လ(၂၈)ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်သေဆုံးသူများအား ရိက္ခာနှင့်ငွေများပေးအပ်ခြင်းကို ယနေ့နံနက်(၉)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားသို့တက်ရောက်လာသူများက ထိခိုက်သေဆုံးသူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ်ငြိမ်သက်ကြပြီး ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိန်မြင့်က မန္တလေးမြေငလျင်ကြီးကြောင့် သေဆုံးခဲ့ရသူများ၏ မိသားစုဝင်များအား အားပေးစကားပြောကြားသည်။

ဆက်လက်၍ အမှတ်(၇၁)သံချပ်ကာစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ တပ်မမှူးဗိုလ်မှူးကြီးကျော်ဆွေလင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိန်မြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအာကာစိုးနှင့်အဖွဲ့ဝင်များက ငလျင်ဘေးအန္တရာယ်ကြောင့် သေဆုံးသူ(၂၄၂)ဦးအတွက် တစ်ဦးလျှင် အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီမှပေးအပ်သည့် ငွေကျပ်(၁၀)သိန်း၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးအပ်သည့်ငွေကျပ်(၅)သိန်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှပေးအပ်သည့် ငွေကျပ်(၃)သိန်း၊ စုစုပေါင်းငွေကျပ်(၁၈)သိန်းနှင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိ စသည့်ရိက္ခာများကို ပေးအပ်ရာ သေဆုံးသူများ၏ မိသားစုဝင်များက လက်ခံရယူခဲ့ကြောင်းသိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)