ထားဝယ်မြို့၌ အထပ်မြင့်အဆောက်အဦများ စိစစ်ရေးကော်မတီ အစည်းအဝေးကျင်းပ

ထားဝယ် မေ ၁

တနင်္သာရီတိုင်းဒေသကြီး အထပ်မြင့်အဆောက်အဦများ စိစစ်ရေးကော်မတီအစည်းအဝေးကို ဧပြီလ ၃၀ ရက်နေ့ မွန်းလွဲပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးလမ်းဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးအထပ်မြင့်အဆောက်အဦများ စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်က အထပ်မြင့် အဆောက်အဦများ စိစစ်ရေးကော်မတီ အစည်းအဝေး ပြုလုပ်ရခြင်းသည် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၁ မီနစ် ၂ စက္ကန့်အချိန်တွင် မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး နှင့်ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးတို့တွင် အဆောက်အဦလမ်းတံတားများကြီးမားစွာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအတွင်း ငလျင်ဒဏ် ပြင်းထန်စွာ မခံစားရသော်လည်း အထပ်မြင့် အဆောက်အဦများ၊ လမ်းတံတားများ တည်ဆောက်ရာတွင် သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ စနစ်တကျ စစ်ဆေးကြပ်မတ်ဆောင်ရွက်သွားကြရမည်ဖြစ် ကြောင်း၊ သဘာဝဘေးအန္တရာယ်များကို ခံနိုင်ရည်ရှိသည့် Structural Design အသုံးပြုသည့် ဆောက်လုပ်ရေးပစ္စည်းများ အရည်အသွေး ပြည့်ဝမှုရှိစေရေး၊ လုပ်ငန်းကြီးကြပ်မှုအား အရည်အသွေးပြည့်မီသည့် အင်ဂျင်နီယာများနှင့်စစ်ဆေး ကြပ်မတ်ဆောင်ရွက်သွား ရန်လိုအပ်ကြောင်း၊ မိမိတို့ဒေသအတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားမှုအခြေအနေများ၊  ငလျင်လှုပ်ခတ်မှုအခြေအနေများအား မှတ်တမ်းပြုစုထားရန်လိုအပ်ကြောင်း၊ ဆောက်လုပ်ပြီးသည့် အဆောက်အဦများအတွက် ဆောက်လုပ်မှုမှတ်တမ်းများ၊ ဒီဇိုင်းပုံစံများအား စနစ်တကျ မှတ်တမ်းတင်ထားရှိရန်လိုအပ်ကြောင်း၊ အဆောက်အဦများဆောက်လုပ်ရာတွင် အဓိက ကြီးကြပ်ရသည့်အုပ်ချုပ်မှုဆိုင်ရာ အဖွဲ့အစည်းများနှင့် စည်ပင်သာယာရေးအဖွဲ့အစည်းများအနေဖြင့် သတ်မှတ်စံချိန်းစံနှုန်းများအတိုင်း စနစ်တကျစစ်ဆေးကြပ်မတ်ရန်၊ ဆောက်လုပ်ရေးဝန်ကြီးဌာနက အသိအမှတ်ပြုထားသည့် Q/C အဖွဲ့များအား တာဝန်ပေးအပ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊  အထပ်မြင့်အဆောက်အဦ စိစစ်ရေးကော်မတီဝင်ဌာနများအနေဖြင့် အပြန်အလှန်ပေါင်းစပ်ညှိနှိုင်း၍ အကြံပြုခြင်း၊ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများအား အလေးထားဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ကော်မတီ အတွင်းရေးမှူး တိုင်းဒေသကြီးလမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး (မြို့ပြ) က ဖြည့်စွက်ဆွေးနွေး ပြောကြားပြီး Structural Designer  Daw Nwe Nwe Oo (PE Engineer) မှ Structural Design, Architectural Design & Design Calculation များနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြ သည်။

ဆက်လက်၍ တက်ရောက်လာသော ကော်မတီဝင်များက လိုအပ်သည်များကို ရှင်းလင်းဆွေးနွေး တင်ပြကြရာတိုင်းဒေသကြီး အစိုးရအဖွဲ့လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးက  ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)