မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် မန္တလေးငလျင်ကြီးကြောင့် ထိခိုက် ဒဏ်ရာရရှိသူများအား ပြင်ဦးလွင်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသပေးနေမှုများကို သွားရောက်ကြည့်ရှုအားပေး

ချမ်းအေးသာစံ မေ ၁

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများလိုက်ပါပြီး  မန္တလေးငလျင်ကြီးကြောင့် တိုင်းဒေသကြီးအတွင်း ပြန်လည်ကျင်းပစစ်ဆေးသည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား သင်ခန်းစာများကို အနီးကပ်သင်ကြားပို့ချပေးနေမှုနှင့် ငလျင်ဒဏ်သင့်နေရာများမှ ထိခိုက်ဒဏ်ရာရရှိသူများကို ပြင်ဦးလွင်မြို့ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသပေးနေမှုများကို ဧပြီလ(၃၀)ရက်နေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှု အားပေးခဲ့သည်။

ထိုသို့ ကြည့်ရှုရာ၌ တိုင်းဒေသကြီးဝန်ကြီးချုပ်ကပြင်ဦးလွင်မြို့  အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းသို့ရောက်ရှိပြီး ခရိုင်/မြို့နယ်ပညာရေးမှူးများ၊  ဆရာ၊ ဆရာမများနှင့်တွေ့ဆုံ၍ နိုင်ငံတော်က အလေးထားဆောင်ရွက်နေသည့် ဇွန်လ ၁၆ ရက်မှ ၂၁ ရက်အထိ ပြန်လည်ကျင်းပစစ်ဆေးသော တက္ကသိုလ်ဝင်စာမေးပွဲ၌ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ အခက်အခဲမရှိ ချောမွေ့စွာဖြင့် စားမေးပွဲပြီးဆုံးသည်အထိ ဖြေဆိုသွားနိုင်ရေးဝိုင်းဝန်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ လိုအပ်သည်များကိုအချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးနေပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ တက္ကသိုလ်ဝင်စာမေးပွဲ၌ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများကို  ဆရာ၊ ဆရာမများက ဘာသာရပ်အလိုက် အနီးကပ်သင်ကြားပေးနေမှုများကို လိုက်လံကြည့်ရှုပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က မတ်လအတွင်း ဖြေဆိုခဲ့သည့် စာဖြေလွှာများကို မန္တလေးတက္ကသိုလ် ပင်မဆောင်တွင် စာစစ်လုပ်ငန်းများ ဆောင်ရွက်နေစဉ် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ပင်မဆောင်အဆောက်အအုံ ထိခိုက်ပြိုကျပျက်စီး  မီးလောင်မှုဖြစ်ပွားခဲ့ပြီး အဖြေလွှာများ မီးလောင်ပျက်စီးခဲ့ရခြင်းများ၊  စာမေးပွဲပြန်လည်ကျင်းပပေးရခြင်း ရည်ရွယ်ချက်များ၊ နိုင်ငံတော်က စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ အခက်အခဲမရှိစေရေး  အဆင်ပြေချောမွေ့စွာဖြင့် ဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များကိုထောက်ပံ့ဖြည့်ဆည်းပေး နေမှုများနှင့် စိတ်ဓာတ်ခွန်အား အမြင့်ဆုံးထားကာ အခက်အခဲများကို မလျှော့သော ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် ရင်ဆိုင်ကျော်ဖြတ် ကြိုးစားသွားကြရမည်ဖြစ်ပါကြောင်း အားပေးစကားများ ပြောကြားခဲ့သည်။

၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပြင်ဦးလွင်မြို့ ပြည်သူ့ဆေးရုံကြီးတွင် မန္တလေးငလျင်ကြီးကြောင့် ငလျင်ဒဏ်သင့် နေရာများမှ ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများအား ဆေးကုသမှု ပေးနေပြီး ကျန်းမာရေးအခြေအနေတိုးတက်ကောင်းနေမှုများကို လိုက်လံကြည့်ရှုအားပေး၍ အာဟာရဖြည့်စွက်စာများပေးအပ်ကာ ငလျင်ဒဏ်ကြောင့် ဆေးကုသဆောင်အဆောက်အဦအချို့ ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြမှုများအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် Oriental Highway Co.,Ltd  မှ ဆောင်ရွက်နေသည့် မန္တလေး-လားရှိုး-ဗန်းမော်- မြစ်ကြီးနားလမ်း (ပြင်ဦးလွင်လမ်းပိုင်း) မိုင်တိုင် ၃၄/၂ မှ မိုင်တိုင် ၃၉/၆ (၅/၄)မိုင် ယာဉ်ကြောပြ အမှတ်အသားလိုင်း ရေးဆွဲနေမှုကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်