စစ်တွေ မေ ၁
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၇၂) စက်မှုလယ်ယာစခန်း၊ စစ်တွေမြို့မှ ဆောင်ရွက်သော စက်မှုလယ်ယာစနစ်ကျလယ်မြေ (၇) ဧက ဖော်ထုတ်ခြင်း လုပ်ငန်းဆောင်ရွက်ထားမှုနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဆက်လက်စိုက်ပျိုးမည့်အစီအစဉ်များအား ကွင်းပြပွဲကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ ပြည်တော်သာစိုက်ကွင်း၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တောင်သူလယ်သမားများ တက်ရောက်ကြသည်။
ဦးစွာ စက်မှုလယ်ယာစနစ်ကျလယ်မြေ (၇) ဧက ဖော်ထုတ်ခြင်းလုပ်ငန်းဆောင်ရွက်ထားမှုနှင့်ပတ်သက်၍ စက်မှုလယ်ယာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးကလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ဖော်ထုတ်ပြီးမြေတွင် ဆက်လက်စိုက်ပျိုးမည့် သီးနှံများအားလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးပြီး တက်ရောက် လာသော တောင်သူများအား စက်မှုလယ်ယာစနစ်ကျလယ်မြေဖော်ထုတ်ခြင်းကြောင့် ရရှိနိုင်သောအကျိုးကျေးဇူးများ၊ တောင်သူများအနေဖြင့် တစ်ဦးချင်းသို့မဟုတ်အဖွဲ့လိုက် ပေါင်းစည်းလယ်ယာ စနစ်ဖော်ထုတ်နိုင်ရေး ပူးပေါင်းဆွေးနွေးဆောင်ရွက်ရမည့်အချက်များ၊ အထွက်နှုန်းကောင်းမွန်ရေးအတွက် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးရန် လိုအပ်ချက်များနှင့် ပြည်နယ်အစိုးရအဖွဲ့မှ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးမည့်အချက်များကို ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စက်မှုလယ်ယာစနစ်ကျလယ်မြေဖော်ထုတ်ရာတွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာန(ရေအရင်းအမြစ်)မှ ဆိုလာစနစ်ဖြင့် မြေအောက်ရေထည့်သွင်းထားရှိမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက မြေအောက်ရေထွက်ရှိမှုနှုန်းနှင့် ကွင်းအတွင်းအကျိုးပြုနိုင်မည့်ရေပမာဏအခြေအနေများကို လိုက်လံရှင်းလင်းတင်ပြရာ ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး စက်မှုလယ်ယာစနစ်ကျ လယ်မြေတွင် မြေဆီမြေဩဇာဖြစ်ထွန်းနိုင်ရန်အတွက် ပိုက်ဆံလျှော်မျိုးစေ့များ စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ကျောင်းတက်လမ်းရပ်ကွက်ရှိ ဓမ္မာရုံဘုန်းတော်ကြီး ကျောင်းတိုက်၊ ကုန်တန်းရပ်ကွက် ယတြာဘုန်းတော်ကြီးကျောင်းတိုက်၊ စစ်ကဲတော်မင်း ဘုန်းတော်ကြီး ကျောင်းတိုက်၊ ရွာကြီးတောင်ရပ်ကွက် ခမောင်းတော ဘုန်းတော်ကြီးကျောင်းတိုက်၊ အိမ်စိုးမေမိ ဘုန်းတော်ကြီးကျောင်းတိုက်နှင့် မဏိရတနာဘုန်းတော်ကြီးကျောင်းတိုက် များသို့သွားရောက်၍ ယာယီနေရပ်စွန့်ခွာ ပြည်သူများနှင့်တွေ့ဆုံပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဓမ္မာရုံဘုန်းတော်ကြီးကျောင်းတိုက်သို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော်အားဖူးမြော်ကာ နဝကမ္မအလှူငွေများလှူဒါန်းကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းတိုက်အတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများ နေထိုင်မှုကိုလှည့်လည် ကြည့်ရှုစစ်ဆေးကြပြီး ပြည်သူများအေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် လိုအပ်သောအဆောင်များ ဆောက်လုပ်ပေးနိုင်ရေးနှင့် ပြုပြင်ရန်လိုအပ်သည်များအား အချိန်မီပြုလုပ်နိုင်ရေး တာဝန်ရှိသူများအား မှာကြားပြီး ကလေးငယ်များ အတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယတြာဘုန်းတော်ကြီးကျောင်းတိုက်၊ ခမောင်းတော ဘုန်းတော်ကြီးကျောင်းတိုက်၊ အိမ်စိုးမေမိ ဘုန်းတော်ကြီးကျောင်းတိုက်နှင့် မဏိရတနာဘုန်းတော်ကြီး ကျောင်းတိုက်များသို့သွားရောက်၍ ကျောင်းထိုင်ဆရာတော်အားဖူးမြော်ကာ နဝကမ္မအလှူငွေများလှူဒါန်း ကြသည်။ ဆက်လက်၍ ကျောင်း တိုက်အတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများနေထိုင်မှုကို လှည့်လည် ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သောအဆောင်များဆောက်လုပ်ပေးနိုင်ရေး၊ လုံခြုံရေးအတွက် ဆိုလာမီးများ တပ်ဆင်ပေးနိုင်ရေး၊ ရေရရှိရေးအတွက် လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးနှင့် ကျောင်းဖွင့်ရာသီတွင် ကလေးငယ်များ အေးချမ်းစွာပညာသင်ကြားနိုင်ရေး စီစဉ်ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများကို မှာကြားခဲ့ကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ် ညှိနှိုင်းပေးခဲ့ပြီး ကလေးငယ်များအား စားသောက်ဖွယ်ရာများထောက်ပံ့ပေးအပ်ခဲ့သည်။
နေ့လယ်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည်ရွှေစေတီဘုန်းတော်ကြီး သင် ပညာရေးကျောင်းသို့သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်အားဖူးမြော်ကာ နဝကမ္မအလှူငွေများ လှူဒါန်းကြသည်။
ဆက်လက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ နွေရာသီယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်သင်ကြားနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြပြီး ကျောင်းသား၊ ကျောင်းသူများအား စားသောက် ဖွယ်ရာများပေးအပ်ချီးမြှင့်ကြသည်။ ယင်းနောက် ကျောင်းစာကြည့်တိုက်၌ ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုလေ့လာနေမှုကို ကြည့်ရှုအားပေးကြကာ စာကြည့်တိုက်အတွက် စာအုပ်၊ စာပေများပေးအပ်လှူဒါန်းကြသည်။ ဆက်လက်၍ ကျောင်းတိုက်အတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများ နေထိုင်မှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကြကာ ပြည်သူများအေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် လိုအပ်သည့်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး ကလေးငယ်များအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)