ထားဝယ် မေ ၁
တနင်္သာရီတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် ပြေးခုန်ပစ်(အခုန်+အပစ်)နည်းပြ/ဒိုင်သင်တန်း (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက ထားဝယ်မြို့၊ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးဦးသက်နိုင်က ပြေးခုန်ပစ်နည်းပြ/ဒိုင်သင်တန်းသည် တိုင်းဒေသကြီးအတွင်း ကျင်းပပြုလုပ်မည့် ပြေးခုန်ပစ်ပြိုင်ပွဲများ၌ အရည်အချင်းပြည့်ဝစွာ တာဝန်ထမ်းဆောင်နိုင်ရေး၊ ပြေးခုန်ပစ်ဥပဒေများကို သေချာစွာနားလည်တတ်ကျွမ်းလာစေရေး၊ ပြေးခုန်ပစ်ကစားသမားများကို သင်ကြားပြသရန် နည်းပြတစ်ဦးအတွက် နည်းစနစ်၊ နည်းဗျူဟာများ တက်မြောက်စေရေးတို့ကို ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးသည် ပြေးခုန်ပစ်အားကစားနည်းများတွင် မြန်မာ့လက်ရွေးစင်အားကစားသမားကောင်းများ မွေးထုတ်ပေးနိုင်သည့် အစဉ်အလာရှိသော တိုင်းဒေသကြီးတစ်ခုလည်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် ဗဟိုအဆင့် တိုင်းဒေသကြီး/ပြည်နယ်အဆင့် ပြေးခုန်ပစ်ပြိုင်ပွဲများတွင် ၂၀၂၃ ခုနှစ်၊ အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲတွင် ရွှေ(၄)၊ ငွေ(၆)၊ ကြေး(၃)ခု၊ ၂၀၂၃ခုနှစ်၊ အသက်(၂၅)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲတွင် ရွှေ(၂၄)၊ ငွေ(၇)၊ ကြေး(၃)ခုနှင့် အမျိုးသမီးတံခွန် စိုက်ဒိုင်းဆု၊ စုပေါင်းတံခွန်စိုက်ဒိုင်းဆု၊ ၂၀၂၄ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲမှာ ရွှေ(၅) ငွေ(၆) ကြေး(၅)ခုနှင့် အမျိုးသားအသင်းဒုတိယဆုတို့ ဆွတ်ခူးနိုင်ခဲ့ကြောင်း၊ သင်တန်းသားများအနေဖြင့် ပြေးခုန်ပစ်သင်တန်းနည်းပြဆရာ၏ သင်ကြားပို့ချပေးသွားမည့် သင်ခန်းစာအတတ်ပညာများကို လေ့လာမှတ်သားပြီး ပြိုင်ပွဲများကျင်းပပြုလုပ်ရာတွင် အောင်မြင်ချောမွေ့စွာကျင်းပနိုင်ရေး၊ မိမိဒေသက ပြေးခုန်ပစ်ကစားသမားများကို ခေတ်မီနည်းပညာရပ်များ သေချာစွာ ပြန်လည်သင်ကြားပို့ချနိုင်ရေးအတွက် အလေးထားကြိုးပမ်း သင်ယူသွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးစိုးမိုးနိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြပြီး နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းမှ ပြေးခုန်ပစ်နည်းပြဆရာ ဦးကျော်ကျော်ဝင်းက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
သင်တန်းတွင် ပြေးခုန်ပစ်(အခုန်+အပစ်)နည်းပြ/ ဒိုင်သင်တန်း သား(၂၀)ဦးအား မေ ၇ ရက်နေ့အထိ သင်ကြားပို့ချဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)