ခန္တီးမြို့တွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်စွာ ပြန်လည်ဖြေဆိုနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ခန္တီး ဧပြီ ၃၀

၂၀၂၅ ခုနှစ်၊ မတ်လ(၂၈)ရက် နေ့တွင်ဖြစ်ပွားခဲ့သော အင်အားအလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်မှုကြောင့် ၂၀၂၅ ခုနှစ်၊ မတ်လအတွင်း ဖြေဆိုခဲ့သည့် တက္ကသိုလ်ဝင် စာမေးပွဲအဖြေလွှာများ မီးလောင်ပျက်ဆီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီနယ်မြေတို့တွင် ၂၀၂၅ ခုနှစ်၊ ဇွန်လ(၁၆)ရက်နေ့မှ (၂၁)ရက်နေ့အထိ ပြန်လည်ဖြေဆိုရမည်ဖြစ်ရာ ခန္တီးမြို့နယ်အနေဖြင့် အဆိုပါစာမေးပွဲ အောင်မြင်စွာ ပြန်လည်ဖြေဆိုနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးက အဖွင့်အမှာစကား ပြောကြားရာတွင် ခန္တီးမြို့တွင်စာစစ်ဌာနအနေဖြင့် အ.ထ.က(ခန္တီး) တစ်ခုတည်းသာ ရှိပြီး ၂၀၂၅ ခုနှစ်၊ မတ်လအတွင်း ဖြေဆိုခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား/ကျောင်းသူပေါင်း (၄၀၄)ဦး ဖြေဆိုခဲ့သည့်အတွက် ယခုတဖန် ပြန်လည် ဖြေဆိုရာတွင် ရာနှုန်းပြည့် ပြန်လည်ဖြေဆိုနိုင်ရေး ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ပြန်လည်ဖြေဆိုမည့်ကျောင်းသား/ကျောင်းသူများ၏ လိုအပ်ချက်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ ရပ်ဝေးမှလာရောက်ဖြေဆိုမည့် ကျောင်းသူ/ကျောင်းသူများအတွက် အခက်အခဲရှိပါက နေထိုင်စားသောက်ရေးကအစ မိမိတို့အနေဖြင့် အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

ထို့နောက် ခရိုင်နှင့်မြို့နယ်ပညာရေးမှူးတို့က စာသင်ကျောင်း ပြန်လည်ဖွင့်လှစ်နေမှု အခြေအနေများ၊ ဘာသာရပ်အလိုက် သင်ကြားပို့ချနေမှု အခြေအနေများအား တင်ပြဆွေးနွေးခဲ့ရာ တက်ရောက်လာသူများမှ လိုအပ်သည်များ အသီးသီး ဆွေးနွေး ခဲ့ကြသည်။ အဆိုပါအစည်းအဝေးသို့ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ကျောင်းအုပ်ဆရာ/ဆရာမများ၊ မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့်စာရေးများ၊ မြို့မိ/မြို့ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)