မုဒုံ ဧပြီ ၃၀
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်း (၇) သင်းမှ အသင်းသားတောင်သူများထံသို့ အထွက်တိုးမျိုးစပါး (အောင်နိုင်တိုး) ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အသင်းစုလီမီတက် အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အခမ်းအနားတွင် ပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးက သမဝါယမကဏ္ဍအနေဖြင့် မိုးစပါးစီမံကိန်းဆောင်ရွက်ခြင်းသည် ဒေသတွင်း ဝမ်းစာဖူလုံရေး၊ အသင်းသားတောင်သူများ၏ ဝင်ငွေတိုးတက်ရေးအတွက် ရည်ရွယ်၍ ဆောင်ရွက်ခြင်းကြောင့် တောင်သူများ စိုက်ပျိုးသည့် လယ်မြေများ စပါးအထွက်နှုန်းတိုးမြင့်မှသာလျှင် အောင်မြင်မှာဖြစ်သလို၊ အထွက်တိုးနှင့် မျိုးကောင်းမျိုးသန့်များကိုသာ စိုက်ပျိုးရမှာဖြစ်ကြောင်း၊ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် မိသားစုဝင်ငွေတိုးတက်ရေးအတွက် ဆောင်ရွက်ရမှာဖြစ်ကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် ပြည်နယ်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက သမဝါယမအသင်း (၇) သင်း တောင်သူ(၁၀၇)ဦး၏ စိုက်ဧက(၄၄၈)ဧကအတွက် တစ်ဧကလျင် ကျပ်(၅)သိန်းနှုန်း စုစုပေါင်းကျပ် (၂၂၄) သန်း ညီမျှသည့် သွင်းအားစုမျိုးစပါးလိုအပ်ချက်များကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ရာမည