ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း အာဆီယံအပေါင်း(၃) အရေးပေါ် အရန်ဆန်ရိက္ခာ (APTERR) အစီအစဉ်(၃)အရ ကိုရီးယားသမ္မာတနိုင်ငံမှလှူဒါန်းသော ဆန်ရိက္ခာအား ရခိုင်ပြည်နယ်အစိုးရ အဖွဲ့သို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားတက်ရောက်

စစ်တွေ   ဧပြီ ၃၀

အာဆီယံအပေါင်း(၃)အရေးပေါ် အရန်ဆန်ရိက္ခာ(APTERR) အစီအစဉ်(၃)အရ ကိုရီးယားသမ္မာတနိုင်ငံမှ လှူဒါန်းသော ဆန်ရိက္ခာ  (၁၂၃၈၄ ဒသမ ၈၃) တန်အား ယာယီနေရပ်စွန့်ခွာပြည်သူများထံ ထောက်ပံ့ရန်ရန် စိုက်ပျိုးရေးဦးစီးဌာနမှတစ်ဆင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက  ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် စစ်တွေမြို့ပေါ်ရှိ ယာယီစခန်းတာဝန်ခံများ တက်ရောက်ကြသည်။

ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက APTERR အစီအစဉ်တွင် မြန်မာနိုင်ငံသည် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး သဘာဝဘေးအန္တရာယ်တစ်ခုခုကျရောက်၍ အရေးပေါ်အခြေအနေတွင် လိုအပ်သောဒေသများသို့ အရန်ဆန်များထောက်ပံ့ဖြန့်ဖြူးပေးနိုင်ရေးကို ဆောင်ရွက်လျက်ရှိသော အစီအစဉ်ဖြစ်သည့်အတွက် ရခိုင်ပြည်နယ်အတွင်း ၂၀၁၇ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၈-၂၀၁၉ ခုနှစ် တွင် တစ်ကြိမ်၊ ၂၀၁၉-၂၀၂၀ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၂၀ ခုနှစ် ကိုဗစ်-၁၉ ဒုတိယလှိုင်းတွင် တစ်ကြိမ်၊ ၂၀၂၃ ခုနှစ်တွင် တစ်ကြိမ် စုစုပေါင်း(၅)ကြိမ် ကူညီထောက်ပံ့မှုကို ရရှိခဲ့ပြီးဖြစ်ကြောင်း၊ ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွင် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာပြီး တိမ်းရှောင်နေရသော ဒေသခံပြည်သူများအား လူသားချင်းစာနာမှု အထောက်အပံ့ပေးနိုင်ရန် မြို့နယ် (၈)မြို့နယ်၌ အကျိုးပြုလူဦးရေ(၂၆၇၄၇)ဦးအတွက် ဆန်တန်ချိန် (၂၆၇) တန် လှူဒါန်းခဲ့ ကြောင်း၊ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ရခိုင်ပြည်နယ်အတွင်း အာဟာရဖြည့်တင်းရေး၊ ဆင်းရဲမှုလျှော့ချ ရေးလုပ်ငန်းများနှင့် လူသားချင်းစာနာမှု အထောက်အပံ့ပေးနိုင်ရန် မြို့နယ်(၄)မြို့နယ်တွင် အကျိုးပြု လူဦးရေ(၂၅၀၀၀) ဦးအတွက် ဆန်တန်ချိန်(၂၅၀) တန် လှူဒါန်းခဲ့ပြီး ၂၀၁၉-၂၀၂၀ ခုနှစ်တွင် မိုးစပါး မစိုက်ပျိုးနိုင်သော တိုက်ပွဲရှောင်ပြည်သူများအား လူသားချင်းစာနာမှု အထောက်အပံ့ပေးနိုင်ရန် မြို့နယ်(၉)မြို့နယ်တွင် အကျိုးပြုလူဦးရေး(၃၃၈၃၅)ဦးအတွက် ဆန်တန်(၃၀၀) လှူဒါန်း ရရှိခဲ့ကြောင်း၊ ၂၀၂၀ ခုနှစ်တွင် ကိုဗစ်-၁၉ ဒုတိယလှိုင်းတွင် ရခိုင်ပြည်နယ်အတွင်း ရောဂါကူးစက်ခံရ သည့် ပြည်သူ(၄၁၃၉) ဦးအတွက် ဆန်တန်ချိန် (၄၉ဒသမ၄) လှူဒါန်းရရှိခဲ့ကြောင်း၊ ၂၀၂၃ နှစ်အတွင် မိုခါမုန်တိုင်းဒဏ်ခံ ပြည်သူများအား ကိုရီးယားဆန်(၅၅၄)တန်နှင့် ဂျပန်အသင့်စား ဆန်ထုပ် (၂၀၀၀၀)အား လှူဒါန်းရရှိခဲ့ကြောင်း၊ ယခုအခါ ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာပြည်သူ (၁၈၃၅၄၇)ဦးအား လှူဒါန်းခြင်း ဖြစ်သည့်အတွက် ယခုအကြိမ်လှူဒါန်းမှုမှာ(၆)ကြိမ်မြောက် လှူဒါန်း ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ ယနေ့လှူဒါန်းသည့် အခမ်းအနားတွင် အာဆီယံအပေါင်း(၃) အရေးပေါ် အရန်ဆန်ရိက္ခာ အစီအစဉ်-၃ အရ ကိုရီးယားဆန်(၁၂၈၄ ဒသမ ၈၃) တန်အား ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာသူများထံ ဖြန့်ဝေလှူဒါန်းနိုင်ရေးအတွက် လွှဲပြောင်းလက်ခံသည့် အခမ်းအနားဖြစ်ကြောင်း၊ ယခုကဲ့သို့ အမှန်တကယ် ဆန်ရိက္ခာလိုအပ်နေသော ပြည်သူများထံ ထောက်ပံ့ဖြန့်ဝေနိုင်အောင် ဖြည့်ဆည်းပေးသည့်အတွက် အာဆီယံအပေါင်း-၃ အရေးပေါ်အရန် ဆန်ရိက္ခာ APTERR အစီအစဉ်သည် ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာပြည်သူများအပေါ် တိုက်ရိုက် အကျိုးပြုသည့် အစီအစဉ်တစ်ခုဖြစ်ကြောင်း၊ သက်ဆိုင်ရာပြည်သူများအပေါ် ထိထိရောက်ရောက် ထောက်ပံ့နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်တွင် နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ APTERR အစီအစဉ်အား မြန်မာနိုင်ငံတွင် အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးသည့် APTERR အတွင်းရေးမှူးရုံးမှ အဖွဲ့ဝင်များ၊ အလှူရှင်နိုင်ငံဖြစ်သည့် ကိုရီးယားသမ္မတနိုင်ငံတို့ကို အထူးကျေးဇူး တင်ရှိကြောင်းနှင့်  မှတ်တမ်းတင်ဂုဏ်ပြုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ဆန်များကို လွှဲပြောင်းပေးအပ်ရာ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက လက်ခံရယူခဲ့သည်။

ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်ရှိ တေဇာရာမကမ္မဌာန်း (သရက်အုပ်) ဘုန်းတော်ကြီးကျောင်းတိုက်၊ သူရိယစန္ဒာရာမမိုးကုတ်ဝိပဿနာဓမ္မရိပ်သာ ဘုန်းတော်ကြီး ကျောင်းတိုက်၊ ဓညဝတီရပ်ကွက်ရှိ တေဇာရာမဝိပဿနာဘုန်းတော်ကြီးကျောင်းတိုက်၊ စက်ရုံစုရပ်ကွက်၊ မဟာမုနိဗုဒ္ဓဝိဟာရဘုန်းတော်ကြီးကျောင်းတိုက်၊ ရွှေတောင်ဘုန်းတော်ကြီး ကျောင်းတိုက်၊ စန္ဒာလင်္ကာရဘုန်းတော်ကြီးကျောင်းတိုက်၊ ဘုရားလေးဆူဘုန်းတော်ကြီး ကျောင်းတိုက်၊ ငါးစင်ရိုင်းဘုန်းတော်ကြီးကျောင်းတိုက်၊ ဓမ္မဝိဇေယျဘုန်းတော်ကြီးကျောင်းတိုက် များသို့သွားရောက်၍ ယာယီနေရပ်စွန့်ခွာ ပြည်သူများနှင့်တွေ့ဆုံပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တေဇာရာမကမ္မဌာန်း (သရက်အုပ်) ဘုန်းတော်ကြီး ကျောင်းတိုက်သို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကာ နဝကမ္မအလှူငွေများ လှူဒါန်းကြသည်။ ယင်းနောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းတိုက်အတွင်းရှိ ယာယီနေရပ်စွန့်ခွာ ပြည်သူများနေထိုင်မှုကို လှည့်လည်ကြည့်ရှု စစ်ဆေးကြပြီး ပြည်သူများအေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် လိုအပ်သောအဆောင်များ ဆောက်လုပ်ပေးနိုင်ရေးနှင့် ပြုပြင်ရန်လိုအပ် သည်များအား အချိန်မီပြုလုပ်နိုင်ရေး၊ ရေရရှိနိုင်ရေးအတွက် လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးတို့ကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သူရိယစန္ဒာရာမမိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာ ဘုန်းတော်ကြီးကျောင်းတိုက်၊ ကျောင်းထိုင်ဆရာတော်အားဖူးမြော်ကာ နဝကမ္မအလှူငွေများ လှူဒါန်းပြီး ကျောင်းတိုက်အတွင်းရှိ ယာယီနေရပ်စွန့်ခွာ ပြည်သူများနေထိုင်မှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဓညဝတီရပ်ကွက်ရှိ တေဇာရာမ ဝိပဿနာဘုန်းတော်ကြီးကျောင်းတိုက်သို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော်အားဖူးမြော်ကာ နဝကမ္မအလှူငွေ များလှူဒါန်းကြသည်။ ဆက်လက်၍ ကျောင်းတိုက်အတွင်းရှိ ယာယီနေရပ်စွန့်ခွာ  ပြည်သူများနေထိုင်မှုကို လှည့်လည်ကြည့်ရှု စစ်ဆေးကြပြီး ပြည်သူများအေးချမ်းစွာ နေထိုင်ချက်ပြုတ် စားသောက်နိုင်ရေးအတွက် လိုအပ်သည်များကို ဆောင်ရွက်ပေးနိုင်ရေး၊ လုံခြုံရေးအတွက် ဆိုလာမီးများတပ်ဆင်ပေးနိုင်ရေး၊ ရေရရှိရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးနှင့် ကျောင်းဖွင့်ရာသီတွင် ကလေးငယ်များ အေးချမ်းစွာပညာ သင်ကြားနိုင် ရေးတို့အတွက် လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ပေးကြရန် တာဝန်ရှိသူများကို မှာကြားကာ သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများပေးအပ်ပြီး ကလေးငယ်များအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မဟာမုနိဗုဒ္ဓဝိဟာရဘုန်းတော်ကြီး ကျောင်းတိုက်၊ ရွှေတောင်ဘုန်းတော်ကြီး ကျောင်းတိုက်၊ စန္ဒာလင်္ကာရဘုန်းတော်ကြီးကျောင်းတိုက်၊ ဘုရားလေး ဆူဘုန်းတော်ကြီး ကျောင်းတိုက်များသို့သွားရောက်၍ ကျောင်းထိုင်ဆရာတော်အားဖူးမြော်ကာ နဝကမ္မအလှူငွေများလှူဒါန်းကြသည်။ ဆက်လက်၍ ကျောင်းတိုက်အတွင်းရှိ ယာယီနေရပ်စွန့်ခွာ  ပြည်သူများနေထိုင်မှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး လုံခြုံရေးအတွက် ဆိုလာမီးများ တပ်ဆင်ပေးနိုင်ရေး၊ ရေရရှိရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးနှင့် ကျောင်းဖွင့်ရာသီတွင် ကလေးငယ်များ အေးချမ်းစွာပညာ သင်ကြားနိုင်ရေး စီစဉ်ဆောင်ရွက်သွား ကြရန် တာဝန်ရှိသူများကို မှာကြားခဲ့ကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငါးစင်ရိုင်းဘုန်းတော်ကြီးကျောင်းတိုက်သို့ သွားရောက်ပြီး သက်တော်ရှည်ဆရာတော်ကြီးအား ဖူးမြော်ကြည်ညိုကာ နဝကမ္မအလှူငွေ များလှူဒါန်းကြသည်။ ဆက်လက်၍ ကျောင်းတိုက်အတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများ နေထိုင်မှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကာ ကျောင်းတိုက်အတွင်း ယာယီနေရပ်စွန့်ခွာ  ပြည်သူများ၏ တနိုင်တပိုင်မှိုစိုက်ပျိုး ထုတ်လုပ်ခြင်းလုပ်ငန်း အောင်မြင်နေမှုကို ကြည့်ရှုအားပေးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဓမ္မဝိဇေယျဘုန်းတော်ကြီးကျောင်းတိုက်သို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော်အားဖူးမြော်ကာ နဝကမ္မအလှူငွေများလှူဒါန်းကြပြီး ကျောင်းတိုက်အတွင်းရှိ ယာယီနေရပ်စွန့်ခွာ ပြည်သူများနေထိုင်မှုကို လှည့်လည်ကြည့်ရှု စစ်ဆေးကြကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်း သိရသည်။

တင်ထွန်း (ပြန်/ဆက်)