စစ်ကိုင်း ဧပြီ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၌ ငလျင်ကယ်ဆယ်ရေးလုပ်ငန်းများတွင်ပါဝင်ကူညီ ဆောင်ရွက်ပေးကြသည့် မကွေးတိုင်းဒေသကြီးမှ မီးသတ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုပွဲ အခမ်းအနားကို ဧပြီလ ၂၉ရက်၊ မွန်းလွဲ (၂)နာရီခွဲအချိန်က စစ်ကိုင်းမြို့နယ်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စစ်ကိုင်းမြို့ ပြည်သူများကိုယ်စား ဂုဏ်ပြုကျေးဇူးတင်စကားပြောကြားပြီး မကွေးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးမင်းထွန်းကစစ်ကိုင်းမြို့၌ ငလျင်ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးက မကွေးတိုင်းဒေသကြီးမှ မီးသတ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း၊ လူမှု ရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း (၅၀)အားလည်းကောင်း ပေးအပ်ခဲ့ ကြကြောင်း သိရသည်။
နေလင်းအောင်(ပြန်/ဆက်)