ကန့်ဘလူ ဧပြီ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်တာဝန်များ ပေးအပ်ပွဲကို ဧပြီ ၂၉ ရက်နံနက် ၉ နာရီက ကန့်ဘလူခရိုင်စုပေါင်းရုံး ရွှေဆည်မြိုင် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဦးက ကန့်ဘလူခရိုင်၏ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ကုန်ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုး(GDP) တိုးတက်မှုနှုန်းများ မျှော်မှန်းထားသည့်အတိုင်းရရှိရေးအတွက် ဌာနဆိုင်ရာများ၊ စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီများအနေဖြင့် မိမိတို့၏ကဏ္ဍအလိုက်၊ မြို့နယ်အလိုက် GDP တိုးတက်မှုနှုန်း ရည်မှန်းချက်များ ပြည့်မီကျော်လွန်အောင်ဆောင်ရွက်သွားကြရန်လိုကြောင်း ဆွေးနွေးမှာကြားသည်။
ထို့နောက် ခရိုင်စီမံကိန်းဦးစီးဌာန ခရိုင်တာဝန်ခံ ဦးမောင်မောင်ညွန့်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာ ရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဦးက ကန့်ဘလူနှင့်ကျွန်းလှမြို့နယ်တို့၏ ဒေသန္တရစီမံကိန်းတာဝန်များ၊ ကန့်ဘလူခရိုင်၏ လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍနှင့်ဝန်ဆောင်မှုကဏ္ဍအလိုက် စီမံကိန်းတာဝန်များပေးအပ်ရာ သက်ဆိုင်ရာဌာနဆိုင်ရာများက လက်ခံရယူကြသည်။
အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဦးနှင့်အဖွဲ့ဝင်များ၊ စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဝင်များ၊ လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍများမှ သက်ဆိုင်ရာဌာနတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)