ချောက် ဧပြီ ၃၀
ချောက်ခရိုင်၊ ချောက်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များတာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ချောက်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ချောက်ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ ချောက်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးဇော်နိုင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီအတွင်းရေးမှူး၊ ခရိုင်စီမံကိန်းဦးစီးမှူး ဒေါ်မြစန္ဒာမှ ချောက်ခရိုင်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များအပေါ် ကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်သွားမည့်အခြေအနေများနှင့် နိုင်ငံပိုင်အခန်းမှ ဆောင်ရွက်မည့်လုပ်ငန်းစီမံကိန်းများ၏ ရင်းနှီးမြှပ်နှံမှုလျာထားချက်များအပေါ် ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများအား ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ လယ်ယာကဏ္ဍ၊ သားငါးကဏ္ဍ၊ သစ်တောကဏ္ဍ၊ လျှပ်စစ်ဓာတ်အားကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ဆောက်လုပ်မှုကဏ္ဍအလိုက် ဒေသန္တရစီမံကိန်းတာဝန်များကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလွင်က မြို့နယ်အဆင့်ဌာနဆိုင်ရာများအား ၂၀၂၅ - ၂၀၂၆ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ခဲ့သည်။
အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးဇော်နိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)