ဇီးကုန်း ဧပြီ ၂၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်အောင်က မိမိဒေသအတွင်းရှိ ရပ်ကွက်၊ ကျေးရွာများအထိ ရည်မှန်းချက်တစ်ခုချင်းအပေါ် လိုအပ်သော လုပ်ငန်းအစီအစဉ်များ၊ လုပ်ငန်းအချိန်ဇယားများ စီမံချက်ရေးဆွဲကာ စနစ်တကျ ကြိုးပမ်းဆောင်ရွက်သွားကြရန်ပြောကြားပြီး၊ မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်လဲ့လဲ့မင်းက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ၏ ကဏ္ဍများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ဇီးကုန်းမြို့နယ်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ဒေသန္တရမစီမံကိန်းရည်မှန်းချက်ပါ လယ်ယာကဏ္ဍကြီး၊ စက်မှုကဏ္ဍကြီး၊ ဝန်ဆောင်မှုကဏ္ဍကြီးနှင့် တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ရင်းနှီးမြုပ်နှံမှုလုပ်ငန်းစီမံကိန်းများကို မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌက တာဝန်ရှိသူများထံပေးအပ်ခဲ့ကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)