နတ်မောက်မြို့နယ် မျက်ရဲကန်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ (၁၁)ကြိမ်မြောက် ထုတ်ချေးပေး

နတ်မောက် ဧပြီ ၂၉

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး မိသားစုဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ မျက်ရဲကန်ကျေးရွာ၌ (၁၁)ကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းချေးငွေများ  ပြန်လည်ထုတ်ချေးပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက မျက်ရဲကန်ကျေးရွာရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များ၊ အသင်းသား၊ အသင်းသူများ နှင့် တွေ့ဆုံကာ မြစိမ်းရောင်ကျေးရွာစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ပေးခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြီး မိသားစုတစ်နိုင်တစ်ပိုင် အသေးစားစီးပွားရေးလုပ်ငန်းများကို ယခင်ကထက် ပိုမိုလုပ်ကိုင်ဆောင်ရွက်စေလိုကြောင်း တိုက်တွန်းပြောကြားသည်။ ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းက စီမံကိန်းစက်ဝန်းကာလနှင့် အတိုးနှုန်းသတ်မှတ်ချက်များ ချေးငွေထုတ်ချေးပေးရာတွင် လိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီး  မြို့နယ်ဦးစီးမှူးက စီမံကိန်းရန်ပုံငွေကျပ် (၄၈၁) သိန်းကို မြစိမ်းရောင်ကျေးရွာလုပ်ငန်း အဖွဲ့ဝင်များထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

ထို့နောက် မြစိမ်းရောင်ကျေးရွာလုပ်ငန်းအဖွဲ့ဝင်များက မျက်ရဲကန်ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ရောင်းဝယ်ရေးလုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း ဆောင်ရွက်သူအသင်းသား/သူ စုစုပေါင်း(၁၃၈)ဦးအား မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်မတည်ရန်ပုံ ငွေကျပ်(၄၈၁)သိန်းကို သက်သာသောအတိုးနှုန်းဖြင့် တစ်ဦးချင်း လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

မူမူစန်း